မွန်က ကားဂိတ်တွေမှာ CCTV နဲ့ မျက်နှာဖတ်နိုင်တဲ့ စက်တပ်ဆင်ဖို့ စစ်ကောင်စီ ဖိအားပေး

မွန်က ကားဂိတ်တွေမှာ CCTV နဲ့ မျက်နှာဖတ်နိုင်တဲ့ စက်တပ်ဆင်ဖို့ စစ်ကောင်စီ ဖိအားပေး

မွန်ပြည်နယ်အတွင်းရှိ အဝေးပြေး ကာဂိတ်တွေမှာ CCTV တပ်ဆင်ဖို့နဲ့ မျက်နှာကို ဖတ်နိုင်တဲ့ စက်တပ်ဆင်ဖို့ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းအားလုံးကို စက်တင်ဘာလ (၂၄)ရက်နေ့က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဝေပြေးကားဂိတ်တွေမှ တဆင့် လူမဲ့တန်ဆာတွေ ပစ္စည်းတွေပေးပို့ရာမှာ ခိုင်လုံတဲ့ အထောက်အထားဖြစ်ဖို့အတွက် မှတ်ပုံတင်မိတ္တူရယူကြဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

CCTV တွေကို အရင်ထဲက တပ်ဆင်ထားတာဖြစ်တဲ့အတွက် အခက်အခဲမရှိပေမယ့် မျက်နှာကိုဖတ်နိုင်တဲ့ စက်တပ်ဆင်ဖို့အတွက် အခက်အခဲရှိကြောင်း၊ ပစ္စည်းပို့ဆောင်တဲ့သူတွေဆီကနေ မှတ်ပုံတင်မိတ္တူ တောင်းယူဖို့အတွက်လည်း အခက်အခဲရှိတယ်လို့ ယာဉ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

“CCTV က နဂိုတည်းက တပ်ထားတယ်ဗျ၊ ကိုယ့်ဂိတ်မှာ ပစ္စည်းပျောက်တာတို့ ပစ္စည်းလာဆွဲတာတို့ ဖြစ်မှာဆိုးလို့ CCTV တော့ အမြဲတမ်း တပ်ထားတယ်၊ နောက် မျက်နှာဖတ်တဲ့စက်တွေတော့ မတပ်နိုင်ဘူး၊ သူတို့ အလကားပေးရင်တော့ တပ်ဖြစ်မှာပေါ့၊ ကျွန်တော်တို့ ဂိတ်တွေမှာ ပစ္စည်းလာထုတ်လို့ရှိရင် မှတ်ပုံတင် နံပါတ်တို့ ဖုန်းနံပါတ်တို့ ကောက်တာပဲလေ၊ မှတ်ပုံတင်မိတ္တူယူဖို့ကတော့ သိပ်အဆင်မပြေဘူးလေ၊ ဒါသက်သက်မဲ့ ကားလိုင်ကိုကြပ်တဲ့ပုံစံ ဖြစ်နေတာပေါ့” လို့ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ပစ္စည်းပို့ရင် မှတ်ပုံတင်မိတ္တူ တောင်းခံတာဟာ အရင်က တစ်ခါမှမရှိခဲ့ဖူးဘဲ စစ်ကောင်စီလက်ထက်မှသာ လုပ်ဆောင်တာဖြစ်ပြီး မှတ်ပုံတင် မိတ္တူတွေကို တစ်ခုခုလုပ်မှာကို စိုးရိမ်မှုရှိတယ်လို့ Online Shopping လုပ်သူတွေက ပြောပါတယ်။

“ပစ္စည်းပို့တာဆိုရင် နှစ်နဲ့ချီနေပြီး အခုမှ မှတ်ပုံတင်မိတ္တူ ယူမယ်ဆိုတာ ကြားဖူးတာ၊ မှတ်ပုံတင်နံပါတ်တို့ ဖုန်းနံပါတ်တို့ဆို လက်ခံလို့ရသေးတယ်၊ မှတ်ပုံတင်မှာက နေရပ်လိပ်စာအတိအကျ ပါနေတယ်ဆိုတော့ မိတ္တူယူပြီး အဲ့ဒီမိတ္တူနဲ့ သူတို့တွေ ဟိုအဖွဲ့နဲ့ပတ်သက်တယ် ဒီအဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲတာတွေလုပ်မှာတော့ စိုးရိမ်ရတာပေါ့” လို့ Online Shopping လုပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ‌တော့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီရဲ့ ညွှန်ကြားချက်မှာတော့ CCTV နဲ့ မျက်နှာဖတ်နိုင်တဲ့ စက်တပ်ဆင်ဖို့၊ လူမဲ့ပစ္စည်းပို့ဆောင်ရာမှာ မှတ်ပုံတင်မိတ္တူယူဖို့နဲ့ နေ့စဉ် လက်ခံပေးပို့စာရင်းတွေကို မှတ်တမ်းပြုစုထားဖို့ စတဲ့အချက်တွေပါရှိပါတယ်။

မွန်ပြည်နယ် အတွင်းမှာတော့ အနယ်အရပ်ရပ်ကိုပို့ဆောင်တဲ့ ယာဉ်လိုင်းပေါင်း (၇၃) လိုင်းရှိပြီး လက်ရှိမှာတော့ ခရီးသွားနည်းတာကြောင့် ပစ္စည်းတွေကိုသာ အဓိက ပို့ဆောင်နေရတယ်။

 
 

 

 

Most read this week

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...