ကရင်ပြည်နယ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦးသည် ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်သို့ သွားရောက်မည်ဟု ကြားသိရပြီး ဆုံဆည်းမြိုင်သွားရာ လမ်းတစ်လျှောက်တွင်လည်း DKBA မှ လမ်းလုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံ မျက်မြင်သက်သေများထံမှ သိရသည်။
စစ်ကောင်စီခန့် ပြည်နယ်ကောင်စီဥက္ကဌ စောမြင့်ဦးအနေဖြင့် လေးကေကော်မြို့သစ်နှင့် ဆုံဆည်းမြိုင်ဒေသသို့ လာရောက်မည်ဟု ကနဦးသတင်းများ ထွက်ပေါ်နေပြီး လက်ရှိတွင် ၎င်းဒေသ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် DKBA တပ်ဖွဲ့ဝင်များ လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံမျက်မြင်သက်သေတစ်ဦးက ယခုလိုပြောသည်။
“ဒီနေ့ မနက်အစောကြီးမှာ ဆုံဆည်းမြိုင်ကနေစပြီး ဖလူးတစ်လျှောက် DKBA စစ်သားတွေ တစ်စု၊ တစ်စုနဲ့ လမ်းတောက်လျှောက်မှာ ချထားတာတွေ့တယ်။ ဘာကြောင့်လဲတော့ မသိဘူး။ ပြီးတော့ ၆ ဘီးကား စစ်တပ်ကားတစ်စီး တက်သွားတာလည်းတွေ့တယ်။ ဖလူးဘက်ကနေ တက်သွားတာ။ အဲ့ကားထဲမှာ စစ်သားအပြည့်ပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ပြည်နယ်ကောင်စီဥက္ကဌအနေဖြင့် လေးကေကော်မြို့သစ်သို့ဝင်၍ ကူညီထောက်ပံ့ရေး အစီအစဉ်တစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ဒေသသို့ ဆက်သွားမည်ဖြစ်ကြောင်း ကနဦး သတင်းရရှိထားသည်။
အလားတူ ယမန်နေ့ စက်တင်ဘာလ ၂၈ နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လေးကေကော်မြို့သစ်အတွင်းသို့ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့ ပြည်နယ်ကောင်စီဥက္ကဌ လာရောက်မည့်ကိစ္စနှင့်ပတ်သက်ကြောင်းလည်း သိရသည်။







