KNU ဒူးပလာယာခရိုင်၏ ဝါရင့်တော်လှန်ရေးသမား ပဒိုစောကျော်ကော် ကွယ်လွန်၊ ယနေ့ ဈာပနပြုလုပ်

KNU ဒူးပလာယာခရိုင်၏ ဝါရင့်တော်လှန်ရေးသမား ပဒိုစောကျော်ကော် ကွယ်လွန်၊ ယနေ့ ဈာပနပြုလုပ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၏ အမြဲတမ်းကော်မတီဝင်ဖြစ်သူ  ဝါရင့်တော်လှန်ရေးသမား ပဒိုစောကျော်ကော်သည် လူကြီးရောဂါဖြင့် ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် ကွယ်လွန်သွားပြီး ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဈာပနအစီအစဉ်ပြုလုပ်သွားခဲ့သည်ဟု ခရိုင်တာဝန်ရှိသူများထံမှ သိရသည်။

အသက် ၇၁ နှစ်ရှိပြီးဖြစ်သည့် ပဒိုစောကျော်ကော်သည် ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီဝင်တစ်ဦးဖြစ်ပြီး တရားရေးဌာနတွင်လည်း ကော်မတီဝင်အဖြစ် ၎င်းမကွယ်လွန်ခင်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

“သူ KNDO တပ်ခွဲမှူးဘဝကတည်းက ရင်းနှီးခဲ့တယ်။ ကရင့်အမျိုးသားရေးအပေါ်မှာ တာဝန်ကျေပွန်စွာနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ယောက်ပါ။ နယ်မြေတည်ငြိမ်အေးချမ်းဖို့လည်း တောက်လျှောက်လုပ်ခဲ့တယ်။ တရားဥပဒေစိုးမိုးရေးလည်း နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ခဲ့တယ်။ ပေးအပ်လာတဲ့တာဝန်အပေါ်မှာ မူအပေါ်အခြေခံပြီး စည်းကမ်းသေသပ်စွာနဲ့ တာဝန်ကျေကျေ ထမ်းဆောင်လာတဲ့ သူဖြစ်တယ်။ သူသေဆုံးသွားတာဟာ ခရိုင်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ” ဟု ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက ကေအိုင်စီသို့ ပြောသည်။

ပဒိုစောကျော်ကော်သည် KNU တွင် ရဲဘော်ဘဝဖြင့် စတင်ဝင်ရောက်လာခဲ့ပြီး ကော့ကရိတ်မြို့နယ် ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) တပ်ခွဲမှူး၊ ကျုံဒိုးမြို့နယ် ဥက္ကဌ၊ ခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ၏ ရဲမင်းကြီး၊ တရားရေးဌာနနှင့် ခရိုင်၏အမြဲတမ်းကော်မတီဝင်အထိ တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလတွင် ခရိုင်အဆင့် ကရင့်တော်လှန်ရေးတွင် ၂၅ နှစ်အထက် တာဝန်ထမ်းဆောင်ခဲ့သူများကို ဂုဏ်ပြုမှတ်တမ်း ဆုပေးအပ်ရာတွင် ပဒိုစောကျော်ကော်လည်း ချီးမြှင့်ခြင်းခံခဲ့ရသည်။

မြဝတီမြို့နယ် မဲကနယ်ရွာဇာတိဖြစ်သူ ပဒိုစောကျော်ကော်၏ ဈာပနအခမ်းအနားအစီအစဉ်ကို ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် KNU နို့တကော်မြို့နယ် ဟောဟဲကျေးရွာတွင် ပြုလုပ်ခဲ့သည်။ လက်ရှိ လစ်လပ်နေသည့် သူ၏တာဝန်နေရာကို KNU ၏ အခြေခံ မူဝါဒလမ်းစဉ်အတိုင်း ပြန်လည်ရွေးချယ်သွားမည်ဟု ခရိုင်တာဝန်ရှိသူများက ပြောသည်။

ပဒိုစောကျော်ကော် ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သမီးနှစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

 
 

 

 

May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...