ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ ပျုစောထီးအဖွဲ့ဝင်ဆိုသူ အယောက် ၃၀ ကို ရန်ကုန်မြို့သို့ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်း က စေလွှတ်လိုက်သည်ဟု ဒေသခံအချို့က ပြောသည်။
စစ်ကောင်စီတပ်နှင့်ပူးပေါင်း၍ လုံခြုံကိစ္စအတွက်ဟုဆိုကာ ရုပ်ဆိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမင်းက ရန်ကုန်မြို့သို့ လူ ၃၀ ကို စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
"ဘိုကလေးနဲ့ရန်ကုန်က ကားနဲ့သွားရင် နေ့ချင်းပြန်လို့ရတယ်" ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇွန်လမှစတင်၍ ဧရာဝတီတိုင်းအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတစ်စုလျှင် လူငယ်လူလတ် အယောက် ၃၀ ဦး အနည်းဆုံး စုဆောင်းပေးရန် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း ဒေသအတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့၏ ပြောပြချက်အရ သိရသည်။
သို့သော် စစ်ကောင်စီသတင်းပေး ဒလန်ဟု စွပ်စွဲခံရသူများနှင့် မဘသအချို့သာ လုံခြုံရေးလုပ်ရန်အတွက် စာရင်းပေးကြကြောင်း ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့က ပြောသည်။
ပျူစောထီးများကို ရန်ကုန်တိုင်းတွင်းရှိ စစ်ကောင်စီ၏ လေ့ကျင့်ရေးတပ်များက အခြေခံစစ်ပညာနှင့် လက်နက်ငယ်သင်တန်းများပေးကာ သင်တန်းတစ်ခုလျှင် အယောက် ၂၀ ခန့်ကို လက်နက်များ တပ်ဆင်ပေးကြောင်း ပျူစောထီး ဗဟို၏ လူမှုကွန်ရက်စာမျက်နှာမှ ထုတ်ပြန်ချက်ကို ကိုးကား၍ ဘိုကလေးဒေသခံ ဦးမောင်မောင်က ပြောသည်။
စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဖြစ်သော ဗိုလ်ချုပ်ဇော်မင်းထွန်းက ပျူစောထီးအဖွဲ့များကို ဖွဲ့စည်းထားခြင်းမရှိကြောင်း၊ လက်နက်တပ်ဆင်ပေးထားခြင်းများလည်း မရှိကြောင်း စက်တင်ဘာလလယ်ပိုင်းက ငြင်းဆိုထားသည်။







