ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ကျေးရွာတရွာတွင် လက်နက်ကြီးကျည်အချို့ ကျခဲ့သည့်အတွက် ဘုန်းကြီးနှစ်ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်နေရာနှင့် နေအိမ်အချို့ မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်မှာ ၁၁ နာရီအချိန်ထိ ဟူးကွက်ကျေးရွာအနီး TNLA, SSPP ပူးပေါင်းတပ်များနှင့် RCSS တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦး က “တိုက်ပွဲက မနက်ကစဖြစ်တာ။ ၆ နာရီကနေ ၁၁ နာရီ လောက်ထိဖြစ်တယ်။ နေအိမ်တချို့ကို RC က မီးရှို့တာလည်းရှိတယ်။ အဲ့ဒါ ၅ လုံး မီးရှို့တာ တစ်အိမ်ကတော့ အားလုံးလောင်သွားတယ်။ တိုက်ပွဲဖြစ်တော့ လကနက်ကြီးတွေ ပစ်တော့ ဘုန်းကြီးကျောင်းဆောင် ထိသွားတာ ရှိတယ်။ ဘုန်းကြီးနှစ်ပါးလည်း ကျည်စထိပြီး ဒဏ်ရာရတယ်ဗျ။ မစိုးရိမ်ရဘူး။ ပြီးတော့ ရွာက အိမ် လေးငါး ခြောက်လုံးလည်း လက်နက်ကြီးကျည်ထိပြီး ခေါင်မိုးတွေ ဘာတွေ ပျက်စီးကုန်တာရှိတယ်။ အခုတော့ တိုက်ပွဲ က ငြိမ်နေတယ်။ TNLAနဲ့ ပူးပေါင်းတပ်က ရွာထဲရောက်နေတယ်” ဟု ပြောသည်။
ဟူးကွက်ကျေးရွာအနီး RCSS/SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့ တပ်စွဲထားသည်မှာ တစ်လကျော် အကြာရှိနေပြီဖြစ်ပြီး ယခုခါမှာလည်း ဟူးကွက်ကျေးရွာ၏ တောင်ပေါ်တွင် ရှိနေသည့်အတွက် နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာမည်ကို ဒေသခံရွာသားများ စိုးရိမ်နေကြသည်။
ကျောက်မဲမြို့က ဒေသခံတစ်ဦးက “အခု ဒီမနက်ဖြစ်တဲ့ကိစ္စက တပ်ပေါင်းစုတွေနဲ့ RC နဲ့ ဖြစ်တာ။ RC က ရွာ နားမှာလာနေတာ တစ်လကျော်ပြီ။ လမ်းပိတ်ထားတာ။ အခု ဒီမနက်တော့ တိုက်ပွဲပြန်ဖြစ်တာ။ ဒီရွာက ကျောက်မဲကနေ တစ်နာရီခွဲလောက်ပဲ သွားရတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းတယ်။ ကတ္တရာလမ်း နော်။ ဒါပေမယ့် ရွာသားတွေ ကျောက်မဲ ဘက်ကို ပြေးဖို့က မဖြစ်နိုင်ဘူး။ ပန်ကလော့မှာက RC တွေက ထိုင် ထားတယ်။ လမ်းပိတ်ထားတယ်။ တစ်လလောက်ရှိပြီ။ အခုဖြစ်တဲ့ ဒီရွာက တအာင်းရွာပါ။ အခုဟာက ပွဲက ဘယ်ကနေ စလဲဆိုတော့ ပန်ဖြတ်၊ ပန်လင်၊ ပန်ကွမ်၊ လွယ်လင် အဲ့ဒီတကြောပြီးတော့ ဒီရွာကိုရောက်လာတာ ပေါ့။ ဟိုဘက် က တပ်ပေါင်းစုနဲ့ ဒီဘက်က RCSS နဲ့ ဖြစ်တယ်” ဟု ပြောသည်။
ကျောက်မဲမြို့က အကူအညီပေးရေးအဖွဲ့များအနေဖြင့်လည်း စစ်ရှောင်များအား အကူအညီသွားပေးရန်လည်း မဖြစ်နိုင်ဟု ဆိုသည်။
RCSS/SSA ဘက်က ဟူးကွက်ရွာက တအာင်းလူငယ်အဖွဲ့ကို ဖမ်းဆီးသွားသည်များရှိသည်ဟု ဒေသခံများ ပြောဆိုနေကြသော်လည်း သီးခြား အတည်ပြုချက် မရရှိသေးပေ။ ထိုတိုက်ပွဲနှင့် ပတ်သက်၍ နှစ်ဖက် လက် နက်ကိုင်များကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ဟူးကွက်ရွာအနီးတစ်လျှောက် RCSS/SSA က တပ်စွဲထားသည်မှာ တစ်လကျော် နှစ်လနီးပါးခန့် ရှိလာပြီဖြစ်ပြီး တပ်ပေါင်းစုအဖွဲ့ကလည်း ပန်လင်ရွာဘက်တစ်ကျောတွင် ရှိနေခဲ့ရာ နှစ်ဖက်ကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေသည်မှာ လနှစ်ချီကြာပြီဟု ဒေသခံများက ပြောသည်။
ဟူးကွက်ကျေးရွာသည် တအာင်းကျေးရွာဖြစ်ပြီး အိမ်ခြေ ၄၀၀ နီးပါး၊ လူဦးရေ ၁၅၀၀ နှင့် အထက်ရှိသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်သည်။
ဓါတ်ပုံ - CJ







