နယ်ခြားစောင့်တပ်က အမျိုးသမီးနှင့် ကလေးများကို လူသားဒိုင်းအဖြစ်သုံး

နယ်ခြားစောင့်တပ်က အမျိုးသမီးနှင့် ကလေးများကို လူသားဒိုင်းအဖြစ်သုံး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း နယ်ခြားစောင့်တပ် BGF အဖွဲ့က အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ရွာသားများကို ပေါ်တာဆွဲ၍ စစ်သုံးပစ္စည်းများသယ်ယူရာတွင် အဓမ္မခိုင်းစေမှုများပြုလုပ်ရုံသာမက စစ်ကြောင်းထွက်ရာတွင် လူသားဒိုင်းအဖြစ်ပါ အသုံးပြုနေသည်ဟု ဒေသ ခံများက ပြောသည်။

သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းက ကုန်းရွာကျေးရွာ၊ ပျဉ်းမပင်ဆိပ်ကျေးရွာ၊ ကြသောင်းဆိပ်ကျေးရွာနှင့် ကြိုးဝိုင်းကျေးရွာများက ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင် ရွာသားများကို စစ်သုံးပစ္စည်းများ၊ ရိက္ခာများ သယ်ယူရာနှင့် တပ်ချိန်းရာတွင် အတင်းအဓမ္မစေခိုင်းခဲ့သည်ဟု ရွာသားများက ပြောသည်။

ဘီးလင်းမြို့နယ်က အမည်မဖော်လိုသူ ဒေသခံတစ်ဦးက အမျိုးသမီးနှင့် ကလေးများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း ပြောပြသည်။

"အမျိုးသမီးနဲ့ ကလေးတွေကို အဓမ္မခိုင်းတာ၊ အကာအကွယ်ယူတာပေါ့” ဟု ပြောသည်။

“သူတို့က အကာကွယ်ယူကြတာ။ အမျိုးသမီး နှစ်ယောက်ကြားမှာ သူတို့စစ်သားတစ်ယောက်၊ အဲ့လိုမျိုး တစ်ယောက်စီခြားပြီး တန်းစီပြီးသွားခိုင်းတာ။ KNU က ပစ်ခတ်ချင်ရင်တောင် ရမ်းမပစ်ရဲတော့အောင် လူထုကို ဓါးစာခံလုပ်တာပဲ။"

စစ်ကောင်စီလက်အောက်ခံ BGF တပ်ရင်း ၁၀၁၃၊ တပ်ခွဲ-၂ က “ပေါ်တာဆွဲကာ အဓမ္မခိုင်းစေခြင်းခံခဲ့ရသော အမျိုးသမီးများနှင့် ကလေးသူငယ်များမှာ ကုန်းရွာကျေးရွာမှ (၃၅) ဦး၊ ပျဉ်းမပင်ဆိပ်ကျေးရွာမှ (၃၀) ဦး၊ ကြသောင်းဆိပ်ကျေးရွာမှ (၆၇) ဦး၊ ကြိုးဝိုင်းကျေးရွာမှ (၁၀၀) ဦးကျော်ဖြစ်ကာ အသက်မပြည့်သေးသော ၁၈ နှစ်အောက် (၁၂) ဦးပါဝင်ကြောင်း” KNU-ဘီးလင်း သတင်းနှင့်ပြန်ကြားရေးဌာနက စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ BGF တပ်ရင်း-၁၀၁၃၊ တပ်ခွဲ (၂) တပ်စုမှူး ဗိုလ်ကတုံးဦးဆောင်သည့် အဖွဲ့သည် ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာမှ အမျိုးသမီးများနှင့် အသက်မပြည့်သေးသည့် ကလေးသူငယ်များအပါအဝင် ရွာသား အယောက် ၃၀၀ ယောက်အား စက်တင်ဘာလ ၂၀ ရက်နေ့ တပ်ချိန်းရာတွင် ပေါ်တာဆွဲ၍ စားနပ်ရိက္ခာနှင့် စစ်သုံးပစ္စည်းများအား သယ်ယူရာတွင် အတင်းအဓမ္မ ခိုင်းစေခဲ့သည်ဟု KNU-ဘီးလင်း သတင်းနှင့်ပြန်ကြားရေးဌာနက ပြောသည်။

အဆိုပါဒေသများအတွင်းက ရွာသားများသည် စစ်ကောင်စီနှင့် BGF-တပ်ဖွဲ့များ၏ အနိုင်ကျင့်ဖိနှိပ်မှုများကို ယခင်ကတည်းက ကာလကြာရှည်စွာ ခံစားခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် ကျေးရွာအတွင်းမှ အမျိုးသားများသည် စစ်ကောင်စီတပ်ဖွဲ့များ ၎င်းတို့၏ ကျေးရွာအတွင်း ဝင်ရောက်မလာမှီ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြသဖြင့် ယခုကဲ့သို့ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အဓမ္မဖမ်းဆီးခိုင်းစေခြင်းဖြစ်ကြောင်း သထုံခရိုင် KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၃၊ တပ်ခွဲ (၂) ကြသောင်းဆိပ်စခန်းသို့ တပ်ချိန်းရန်နှင့် ရိက္ခာပို့ရန် မြစ်ကျိုးကျေးရွာမှ ထော်လာဂျီ (၅) စီး၊ (ယာဥ်မောင်းများအပါအဝင်) နှင့် ကျေးရွာက ရပ်မိရပ်ဖ ၆ ဦး ကိုလည်း လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်သွားမှုများရှိခဲ့သည်။

ဓါတ်ပုံ - Karen National Union

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...