တောင်တရုတ်ပင်လယ် မုန်တိုင်းကြောင့် အချို့နေရာများ မိုးများနိုင်

တောင်တရုတ်ပင်လယ် မုန်တိုင်းကြောင့် အချို့နေရာများ မိုးများနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်မှ မုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် မိုးများနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းက စက်တင်ဘာ ၂၄ ရက်နေ့ တွင် ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး အိန္ဒိယနိုင်ငံဖက်ကို ရွှေ့လျားနိုင်ကြောင်း ဦးလှထွန်းက ပြောသည်။

“လေဖိအားနည်းရပ်ဝန်းက မြန်မာနိုင်ငံနဲ့ နီးနေပေမယ့် အနောက်ဖက် ပင်လယ်ပြင်ကို ရွှေ့သွားနိုင်လို့ မြန်မာနိုင်ငံအတွက် စိတ်ပူစရာမရှိပါဘူး။ အဲ့ဒီအရှိန်ကြောင့် အလယ်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ မိုးတော့ကောင်းနိုင်တယ်” ဟု ဦးလှထွန်းကပြောသည်။

 

ထို့အတူ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း "ဒရမ်မူ" (Dianmu) သည် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ကမ်းခြေကို ယနေ့တွင်ဖြတ်ကျော်ခဲ့ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိကာ အနောက်ဖက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

“ဒီနေ့ ဗီယက်နမ်ကို ဖြတ်ပြီဆိုတော့ အဲဒီဖက်က အကြွင်းအကျန်လေပွေက မြန်မာနိုင်ငံဖက်ကို လာမှာပေါ့လေ။ မွန်၊ ကရင်၊ မြစ်ဝကျွန်းပေါ်ကို ဖြတ်ပြီးတော့ ဘင်္လားပင်လယ်ထဲသွားမှာဆိုတော့ အဲဒီဟာဖြတ်နေတဲ့အချိန်တော့ မိုးများမှာပေါ့လေ” ဟု ဦးလှထွန်းက ပြောသည်။

စက်တင်ဘာ၊ အောက်တိုဘာလများသည် စပါးများရင့်မှည့်ပြီး ရိတ်သိမ်းချိန်ရောက်နေ၍ မိုးများလျှင် စပါးအလေအလွင့်များနိုင်သကဲ့သို့ လယ်ကွက်ထဲ ရေများနေလျှင်လည်း ရိတ်သိမ်းချွေလှေ့စက်များ အသုံးပြုရန် ခက်ခဲနိုင်ကြောင်း ပဲခူးတိုင်း အနောက်ခြမ်း နတ်တလင်းမြို့နယ်၊ သာစည်ကျေးရွာက လယ်သမားတစ်ဦးက ပြောသည်။

ဘင်္လားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ် မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည့် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၁၁ ပေ အထိ ရှိနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ သတိပြုကြရန်အတွက်လည်း မိုး/ဇလက အကြံပြုထားသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...