ကရင်ပြည်နယ် မြဝတီမြို့တွင် ဒီကနေ့ စက်တင်ဘာ ၂၄ ရက် ညပိုင်းက (ခလရ ၂၇၅) စစ်ကောင်စီတပ်နှင့် အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့တို့ ၁၅ မိနစ်ခန့်အကြာ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ဖြစ်တာကတော့ ဒီနေ့ည ၉း၄၅ လောက်မှာ စဖြစ်တာ။ ည ၁၀ နာရီခန့်မှာ သေနတ်သံတွေ ငြိမ်သွားတာဆိုတော့ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲကြာမယ်။ ၂၇၅ တပ် အရှေ့ဘုရားကုန်းနားကနေစပြီး ပစ်ခတ်သံကြားရတယ်။ ပြီးတော့ ၂၇၅ တပ်ထဲကနေပြီး ပြန်ပစ်တယ်။ စက်တင်ဘာ ၂၁ ရက် ညပိုင်းကထက် သေနတ်သံ အချက်ရေပိုများပြီး လက်နက်ကြီးပစ်သံတွေလည်း ကြားရတယ်။" ဟု ဖြစ်စဉ်အနီးဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောသည်။
ယင်းသို့ နှစ်ဖက်ပစ်ခတ်နေစဉ်အတွင်း နယ်ခြားစောင့်တပ် BGF ကားတစ်စီးနှင့် အရပ်သားဆိုင်ကယ်တစ်စီး တပ်အရှေ့လမ်းမပေါ်၌ ဖြတ်မောင်းသွားရာ ကားပေါ်ပါလာသည့် BGF တပ်ဖွဲ့ဝင်တစ်ဦးမှာ ကျည်ထိမှန်သွားသည်ဟု ပြောဆိုနေကြသည်ကို ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
အမည်မဖော်လိုသူ ၎င်းဒေသခံက "သေနတ်သံတွေငြိမ်သွားတော့ အပြင်ကိုလှမ်းကြည့်တာ အမိုးဖွင့် BGF ကားတစ်စီး တပ်အရှေ့လမ်းလယ်မှာ ကန့်လန့်ကြီးဖြစ်နေတာကို မြင်ရတယ်။ ပြီးတော့ ကားပေါ်မှာပါလာတဲ့ BGF ထဲက တစ်ယောက်ထိသွားတယ်လို့ သူတို့အချင်းချင်း ပြောနေတာကို ကြားရတယ်။" ဟု ပြောသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်၌ စစ်ကောင်စီတပ်ဘက် ပစ်လိုက်သည့်ကျည်ဟု ယူဆရသည့် လက်နက်ကြီးတစ်လုံးမှာ ၂၇၅ တပ်နှင့် လမ်းတစ်ဖက်ခြမ်းရှိ ဓာတ်ဆီဆိုင်အနီး ကျရောက်ပြီး နေအိမ်ခေါင်မိုးနှင့် ရပ်ထားသည့်ကားမှာ လက်နက်ကြီးကျည်စ ထိမှန်သွားခဲ့သည်။
သို့သော် ယင်းပစ်ခတ်မှုတွင် နှစ်ဖက် ထိခိုက်၊ ကျဆုံးမှုကိုမူ ကေအိုင်စီက မသိရှိရသေးပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်၊ ညပိုင်းကလည်း မြဝတီမြို့အခြေစိုက် (ခလရ ၂၇၅) စစ်ကောင်စီတပ်အား လက်နက်ကိုင်အဖွဲ့တစ်ခု လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်မှု ဆယ်မိနစ်နီးပါး ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရသည်။







