ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တစ်ဖက်ကမ်းတွင်နေထိုင်သည့် သတင်းပေးအဖြစ် လူသိများသူ အသက် ၅၈ နှစ်ရှိ ဦးကျော်သိန်းထွန်းဆိုသူမှာ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာရာရှိသွားကြောင်း ဒေသခံများက သည်။
ပုသိမ်းတဖက်ကမ်း အမှတ် ၁၀ ရပ်ကွက်၊ စံပြလမ်းနေအိမ်ထဲမှ သေနတ်သံ ၃ ချက်ကြား၍ သွားကြည့်ရာ ဦးကျော်သိန်းထွန်းမှာ သွေးအိုင်ထဲတွင် လဲနေကြောင်း စစ်ကားများနှင့် လူနာတင်ကားရောက်လာပြီး စစ်ဆေးရုံသို့ ခေါ်သွားကြောင်း ရပ်ကွက်အတွင်းနေထိုင်သည့် မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။
"ဒဏ်ရာက ခေါင်းတစ်ချက်ရှပ်ထိပြီး ပေါင်တစ်ချက်ထိတယ်။ CCTV မှတ်တမ်းအရ ပစ်တဲ့သူက ဒေသခံထဲကမဟုတ်ဘူး။ လူစိမ်း ဧည့်သည်တွေကို စစ်တပ်က ပိတ်ဆို့စစ်ဆေး စုံစမ်းနေတယ်" အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဦးကျော်သိန်းထွန်းကို ၎င်း၏နေအိမ်အတွင်း စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က အမည်မသိ သေနတ်သမားက လက်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများအရ သိရသည်ဟု ဆိုသည်။
၎င်းသည် ယခင်စစ်အစိုးရ ခေတ်ဖြစ်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်ကတည်းက သတင်းပေးတစ်ဦး အဖြစ် လူပြောများခဲ့ပြီး မောက်မာသူဖြစ်ကြောင်း အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူ၊ မပြသူ မည်သူကိုမဆို ၎င်းနှင့် အဆင်မပြေသူ အချို့အား သတင်းပေးသဖြင့် အဖမ်းခံရသူများ ရှိနေသည့်အပြင် ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရှိနေကြောင်း ရပ်ကွက်အတွင်းနေထိုင်သူအချို့က ပြောသည်။
ထို့အပြင် ဦးကျော်သိန်းထွန်းသည် ပုသိမ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်စည်းရုံးရေးမှူးဖြစ်ကာ စွမ်းအားရှင်အဖွဲ့ တွင်ပါဝင်ပြီး၊ (မဘသ) အဖွဲ့၏ ဆန္ဒပြပွဲများ၊ နွေဦးတော်လှန်ရေး အစပိုင်းကာလ တပ်ထောက်ခံသည့် တန်ပြန်ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။
"ကျော်သိန်းထွန်းက စစ်တပ်ရဲ့အမာခံဒလန်ဆိုတာ ဒေသခံတွေစီက အတိအကျသတင်းအရ သုတ်သင်ရှင်းလင်းခဲ့တာလို့ သတင်းထုတ်ပြန်ထားတယ်" ဟု ပုသိမ် အနောက်ကာကွယ်ရေးတပ်ဖွဲ့ P.W. D.F ၏ အွန်လိုင်းမှ သတင်းထုတ်ပြန်ချက်ကို ကိုကား၍ မြို့ခံ ဦးတင်ဝင်းက ပြောဆိုသည်။
ဧရာဝတီတိုင်းတွင် စစ်ကောင်စီသတင်းပေး (ဒလန်) ဟု နာမည်ကြီးနေသူများကို သေနတ်ဖြင့် ပစ်ခံရမှုများရှိနေပြီး ယခု ပုသိမ်မြို့က ပစ်ခတ်မှုမှာ ၅ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
ထိုသို့သော ပစ်ခတ်မှုများကြောင့် သေဆုံးသူ ၂ ဦး၊ ဒဏ်ရာသူ ၃ ဦးရှိပြီဟု ဒေသခံများက ဆိုသည်။
ဩဂုတ်လ ၂၉ ရက်နေ့က ကန်ကြီးထောင့်မြို့မှ စစ်ကောင်စီသတင်းပေး “ဒလန်” ဟုဆိုကာ သေနတ်ပစ်ခံရ၍ သေဆုံးခဲ့သူ ဦးမောင်မောင်မြင့် ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ မြို့နယ်စည်းရုံးမှူးတစ်ဦးဖြစ်သည်။








