လေဖြတ်နေသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဖမ်းခံရ

လေဖြတ်နေသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဖမ်းခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့က လေဖြတ်နေသည့် သက် ၆၃ နှစ်အရွယ်ရှိ ၈၈ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ပြောသည်။

၈၈ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဇော်ထိုက် ခေါ်ဦးတင်မောင်စိုးကို စက်တင်ဘာ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက် အတီးစုရပ်ရှိ အိမ်တစ်အိမ်တွင် လေငန်းရောဂါခံစားနေရ၍ လာရောက်ဆေးကုသမှုခံယူနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောပြသည်။

"ပုဒ်မ ၂ ခုနဲ့ ဝရမ်းထုတ်ထားတယ်လို့ သိရတယ်။ ကျန်းမာရေးမကောင်းတာ အတော်ကြာနေပြီ။ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ လေဖြတ်လို့ စကားပြောတာမပီလို့ ဆေးကုနေရတာ အခုက ဘယ်ကိုဖမ်းသွားလဲဆိုတာ မသိရဘူး" ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ကန်ကြီးထောင့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ကစ၍ ၃ ရက်အတွင်း မြို့နယ် ထွေ/အုပ် ဒု-ဦးစီးမှုး ဦးပြုံးချို၊ NLD ပါတီဝင်ဟောင်း ကိုစည်သူအောင်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်ထိုက်တို့အပါအဝင် နိုင်ငံရေးသမားဟောင်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀ ဦးကို စစ်ကောင်တပ်ဖွဲ့ဝင်များက ဖမ်းထားကြောင်း ဒေသခံအချို့က ပြောသည်။

"ဦးဇော်ထိုက်က စစ်တပ်အာဏာမသိမ်းခင်ကတည်း ကျန်းမာရေးမကောင်းလို့ ဆေးကုသနေရသူပါ၊ ဘယ်လိုဖြစ်လို့ ဖမ်းတယ် ဝရမ်းထုတ်ခံရတယ် မပြောတတ်ဘူး။ သူမိသားစုကတော့ သူ့ကျန်းမာရေးအတွက် အရမ်းစိုးရိမ်နေတယ်" ဟု ကန်ကြီးထောင့်မြို့ ဒေသခံ ဦးခင်ဝင်းက ပြောသည်။

၈၈ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဦးဇော်ထိုက်ကို ပုဒ်မ ၁၂၂ ၊၁၂၄ တို့ဖြစ်လည်းကောင်း၊ NLD ပါတီဝင်ဟောင်း ကိုစည်သူအောင်ကို ပုဒ်မ ၂၅ ဖြင့်လည်းကောင်း စစ်ကောင်စီက မေလအတွင်းက ဝရမ်းထုတ်ခဲ့သည်။

ရာဇသတ်ကြီး ပုဒ်မ ၁၂၂ သည် နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ပါက သေဒဏ် (သို့) တစ်သက်တစ်ကျွန်း၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ နိုင်ငံတော်အကြည်ညိုပျက်စေမှု ကျူးလွန်ပါက အမြင့်ဆုံး ငွေဒဏ်နှင့်တကွ ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။

ကန်ကြီးထောင်မြို့နယ်တွင် ဒလန်တစ်ဦး အသတ်ခံရပြီးနောက် ဖမ်းဆီးစစ်ဆေးမှု စိပ်လာပြီး ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချခံရသူတစ်ဦးအပါအဝင် သတင်းထောက်၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်၊ NLD ပါတီဝင်များနှင့် နိုင်ငံရေး လူမှုရေး တက်ကြွလှုပ်ရှားသူ ၇၀ ကျော် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

ပုဒ်မ ၅၀၅ (က) သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြည့်စွက်ပြင်ဆင်လိုက်သည့် ပုဒ်မတစ်ခုဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏တာဝန် ဝတ္တတရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...