တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီက အကြံပြုချက်(၅)ချက် အစီရင်ခံ

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီက အကြံပြုချက်(၅)ချက် အစီရင်ခံ
by -
မဇ္ဈိမ
တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများအား ဖြေရှင်းရာတွင် လွှတ်တော်အမတ်များအား ပါဝင်ဆောင်ရွက်ခွင့်ပြုရန် အပါအဝင် အကြံပြုချက်(၅)ချက်အား တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီက ဇွန်လ(၇)ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းလိုက်သည်။

ကော်မတီဥက္ကဌဖြစ်သူ ပင်လောင်းမဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်းက အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး “ယခုအချိန်ကာလ ဒေသတိုင်းတွင် ပြည်သူလူထုများက ငြိမ်းချမ်းရေးရယူလိုသောဆန္ဒ ပြင်းပြတဲ့အချိန် ဖြစ်တာကြောင့် တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများအား ဖြေရှင်းရာတွင် လွှတ်တော်ဆောင်ပုဒ်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မတီဝင်များက တာဝန်နှင့် ဆောင်ရွက်ခွင့် မူဘောင်အတွင်း စည်းရုံးရေးစွမ်းရည်၊ စီမံခန့်ခွဲရေးစွမ်းရည်ဖြင့် တွန်းအားပေး၍ တဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်စေခြင်းဖြင့် တိုးတက်မှုများကို ရရှိစေနိုင်ပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)၏ မူဘောင်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်သော လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း လွှတ်တော်အမတ်များက ထဲထဲဝင်ဝင် ပါဝင်ကူညီဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် များစွာ အကျိုးဖြစ်ထွန်းစေနိုင်သည်ဟု ကော်မတီ၏ အစီရင်ခံစာတွင် သုံးသပ်အကြံပြုထားသည်။

ထို့ပြင် တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်လည်း ၎င်းတို့၏ ကော်မတီဝင်များအားလုံး ပါဝင်ခွင့်ရရှိခြင်းသည် ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြဌာန်းပြီးဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့်အညီ တိုင်းရင်းသားများအတွက် အကျိုးသက်ရောက်မှု ရှိစေရန် တွန်းအားပေးဖော်ဆောင်သင့်သည်ဟုလည်း ကော်မတီ၏ အကြံပြုချက်တွင် ပါရှိသည်။

ကော်မတီကို အဖွဲ့ဝင် (၁၅)ဦးဖြင့် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ (၁၇)ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မတီအတွင်းရေးမှူးအဖြစ် ကချင်းတိုင်းရင်းသားတစ်ဦးဖြစ်သူ မြစ်ကြီးနားမြို့နယ်မှ ဦးအင်ထုံးခါးနော်ဆမ်က တာဝန်ယူထားသည်။

ကော်မတီ၏ တာဝန်များအနေဖြင့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ဖွ့ံဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ရမည်၊ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီရမည်၊ တိုင်းရင်းသားအချင်းချင်း စည်းလုံုးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို အလေးထားဆောင်ရွက်ရမည် ဟူ၍ စသဖြင့် ပါဝင်သည်။

လက်ရှိ ၂၀၁၇ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်အဖြစ် ရောက်ရှိလာစေရန် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...