မယ်တော်ဆေးခန်း ပြန်ဖွင့်၊ ကျန်းမာရေးဝန်ဆောင်မှု ၄ မျိုးကို ရက်အကန့်အသတ်ဖြင့် ကုသပေးသွားမည်ဟု ထုတ်ပြန်

မယ်တော်ဆေးခန်း ပြန်ဖွင့်၊ ကျန်းမာရေးဝန်ဆောင်မှု ၄ မျိုးကို ရက်အကန့်အသတ်ဖြင့် ကုသပေးသွားမည်ဟု ထုတ်ပြန်

ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားရသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ၊ မယ်တော်ဆေးခန်းကို စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီး နာတာရှည်ရောဂါသည်အပါအဝင် ကျန်းမာရေးဝန်ဆောင်မှု ၄ မျိုးကို ရက်အကန့်အသတ်ဖြင့် ကုသပေးမည်ဟု ၎င်းဆေးခန်းက ကြေညာချက် ထုတ်ပြန်သည်။

ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် တစ်လကျော်ကြာ ယာယီပိတ်ထားရသည့် မယ်တော်ဆေးခန်းတွင် နာတာရှည်ရောဂါအပြင် အခြားကျန်းမာရေးဝန်ဆောင်မှုများဖြစ်သည့် မျိုးဆက်ပွားကျန်းမာရေး ပြင်ပလူနာဌာန၊ ကလေးကာကွယ်ဆေးထိုးဌာနနှင့် မျိုးဆက်ပွား ကျန်းမာရေး အတွင်းလူနာဌာနတို့ကို ရက်အကန့်အသတ်ဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း ဆေးခန်းတာဝန်ရှိသူက ယခုလို ပြောသည်။

ဆေးခန်းပြောခွင့်ရ နော်ဆိုဖီယာလှက “ဒီအပတ်ထဲမှာ နာတာရှည်ရောဂါသည်တွေအတွက် ပြန်ဖွင့်ပေးတာပေါ့။ ပြန် ဖွင့်ပေးတယ်ဆိုပေမဲ့ တစ်ပတ်လုံး မဟုတ်ဘဲနဲ့ တစ်ပတ်ကို ၂ရက်။ ပြီးတော့ ပြီးခဲ့တဲ့လကတည်းက ဖွင့်ထားပေးတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးစောင့်ရှောက်မှု ပညာပေးဌာနကိုကျတော့ လူနာအရေအတွက်များတော့ တစ်ရက် ထပ်တိုးပြန်ဖွင့်ပေးထားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ဆေးခန်းပြန်ဖွင့်ပြီး ဆေးကုသမည့် အစီအစဉ်များမှာ နာတာရှည် ရောဂါသည်များအတွက် စက်တင်ဘာ ၂၂ ရက်နေ့မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် နံနက် ၈နာရီမှ ညနေ ၄နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ် သည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ စောင့်ရှောက်ခြင်း (ကိုယ်ဝန်အပ်လက်ခံခြင်း)၊ မိသားစုစီမံကိန်းနှင့်ဆိုင်သော သန္ဓေ တားနည်းများ၊ ကိုယ်ဝန်ပျက်ကျပြီးနောက် ကျန်းမာရေး ပြန်လည်ပြုစုစောင့်ရှောက်ပေးခြင်း၊ မိခင်နှင့်ကလေးများအတွက် မွေးဖွားပြီး ပြုစုစောင့်ရှောက်ပေးခြင်းဆိုင်ရာ မျိုးဆက်ပွားကျန်းမာရေး ပြင်ပဌာနကိုလည်း အပတ်စဉ် တနင်္လာ၊ အင်္ဂါနှင့် ကြာသပတေးနေ့များတွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

ထို့အတူ ကလေးကာကွယ်ဆေးထိုးဌာနကို အပတ်စဉ် တနင်္လာ၊ အင်္ဂါနှင့် ကြာသပတေးနေ့များတွင် နံနက် ၈ နာရီမှ ၁၂ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ကလေးမွေးဖွားခြင်းဆိုင်ရာ၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ကိုယ်ဝန်နှင့် နောက်ဆက်တွဲပြဿနာ၊ မွေးကင်းစ ပြဿနာဆိုင်ရာ မျိုးဆက်ပွားကျန်းမာရေး အတွင်းလူနာဌာနကို ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ်သွားမည်ဖြစ်သော်လည်း မွေးလူနာအတွက် ၎င်း၏ခင်ပွန်းဖြစ်သူအား လူနာစောင့်တစ်ဦးအဖြစ်သာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း မယ်တော်ဆေးခန်း၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

သို့သော် အခြားကျန်းမာရေး ဝန်ဆောင်မှုများဖြစ်သော ခွဲစိတ်ကုသခြင်း၊ လူကြီး (အတွင်းနှင့် ပြင်ပ) လူနာဌာန၊ မျက်စိ ကုသခြင်းဌာန၊ သွားကျန်းမာရေးဌာန၊ ကလေး (အတွင်းနှင့်ပြင်ပ) လူနာဌာန စသည့် ကျန်းမာရေးဝန်ဆောင်မှုများကိုမူ ယာယီ ဆက်ပိတ်ထားမည်ဖြစ်သည်။

ကိုဗစ် ကူးစက်ပြန့်ပွားမှုကြောင့် မယ်တော်ဆေးခန်းရှိ ကျန်းမာရေးဝန်ထမ်းနှင့်အတူ မိသားစုဝင်များ၊ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် လူထုအသိုင်းအဝိုင်းများ ဘေးကင်းလုံခြုံရေးအတွက် ဇူလိုင် ၁၅ ရက်နေ့မှစတင်ကာ မယ်တော်ဆေးခန်းတွင် ကျန်းမာရေးဝန်ဆောင်မှု အားလုံး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားသော်လည်း  ဩဂုတ်လ ၁၇ ရက်မှစ၍ သားဖွားဌာနကို ရက်အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ကာ ကျမ်းမာရေးဝန်ဆောင်မှု ပေးခဲ့သည်။

 
 

 

 

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...