စက်သုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်၊ အငှားယာဉ်မောင်းများ အခက်ကြုံ

စက်သုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်၊ အငှားယာဉ်မောင်းများ အခက်ကြုံ

ဒေါ်လာဈေး စံချိန်တင်မြင့်တက်လာခြင်း အကျိုးဆက်အဖြစ် စက်သုံးဆီ ဈေးနှုန်းသည် နှစ်ပေါင်း ၂၀ ခန့် အတွင်း စံချိန်တင်မြင့်တက်နေသောကြောင့် အငှားယာဉ်မောင်းများ အခက်တွေ့နေသည်ဟု ပြောသည်။

တစ်ဒေါ်လာ လျှင် ကျပ် ၂၀၀၀ ခန့် ဖြစ်လာချိန်တွင် ပြည်ပမှ တင်သွင်းနေရသည့် စက်သုံးဆီးဈေးနှုန်းသည် လည်း လိုက်ပါမြင့်တက်ခြင်းဖြစ်ပြီး တစ်လီတာ ၁၂၀၀ ကျော် အထိဖြစ်လာသည်ဟု အငှားယာဉ်မောင်းများက ပြောသည်။

အောက်တိန်း ဓါတ်ဆီ ဈေးနှုန်းသည် တစ်လီတာ ၁၂၀၀ ကျပ် အထက် ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သဖြင့် အငှားယာဉ်မောင်းများ အခက်တွေ့နေရသည်ဟု မြောက်ဒဂုံမြို့နယ်မှ အငှားယာဉ်မောင်း တစ်ဦးကပြောသည်။

“ဆီဈေးတွေကလဲတက်။ ခရီးသည်တွေကလည်းမရ။ ရတဲ့ခရီး သည်ကျတော့လဲဈေးကမပေးဘူး။ အရင်ဈေး ပဲပေးတာ။ ကိုယ့်လူရင်းအော်ဒါတွေလောက်ပဲနဲနဲပါးပါးပိုပေးတာ” ဟု ၎င်းက ပြောသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ စက်တင်ဘာ ၂၀ ရက်နေ့တွင် ဓါတ်ဆီ ၉၅ - တစ်လီတာလျှင် ၁၂၃၅ ကျပ်၊ ဓါတ်ဆီ - ၉၂ တစ်လီတာလျှင် ၁၂၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၂၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၂၁၅ ကျပ် ဈေးပေါက်နေသည်။

စက်သုံးဆီ ဈေးတက်နေ၍ အငှားယာဉ်မောင်းအချို့မှာ အွန်လိုင်းရှော့ပင်မှ ပစ္စည်းများလိုက်လံ ပို့ဆောင်ရင်း ခရီးသည်ရလျှင်လိုက်ပို့ပြီး အချို့မှာ ပုံမှန်အော်ဒါ (ခရီးသည်) များကိုသာ အဓိကပို့ဆောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

ဓါတ်ဆီကားများသည် တစ်ရက် ၆၀၀၀၊ ၇၀၀၀ ခန့်ရရန် ကြိုးစားမောင်းနေရပြီး CNG ဂတ်စ် တပ်ဆင်ထားသူများပင် ကျပ် ၁၀၀၀၀ ခန့်သာရကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင်နေထိုင်သည့် အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

“ခရီးသည်ကတော့ သိပ်မထွက်ကြတော့ဘူး။ ကားတွေကလဲများလာတယ်” ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ဒုတိယအပတ်တွင် ကျပ်ငွေတန်ဖိုးသည် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၀၀ ကျပ်ဖြစ်နေပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၉ သိန်းကျော်အထိ မြင့်တက်ခဲ့သည်။

စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁,၃၃၀ သာရှိပြီး အခေါက်ရွှေဈေးမှာလည်း ကျပ် ၁၃ သိန်းသာရှိခဲ့၍ လက်ရှိငွေလဲနှုန်းနှင့် ရွှေဈေးနှုန်းများသည် သမိုင်းဝင် စံချိန် တင်ဈေးနှုန်းများ ဖြစ်သည်။

နိုင်ငံတကာစက်သုံးဆီဈေးနှုန်းမတက်ဘဲ မြန်မာနိုင်ငံတွင်သာ ဒေါ်လာဈေးတက်၍ စက်သုံးဆီဈေးတက်ခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်လာခြင်းနှင့်အတူ အခြေခံစားသောက်ကုန်များလည်း ဈေးမြင့်တက်လာနေခြင်းဖြစ်သည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...