ရွှေလောင်းမြစ် ကမ်းပါးပြို၊ လူ ၄၀ ခန့်အိုးမဲ့အိမ်မဲ့ဖြစ်

ရွှေလောင်းမြစ် ကမ်းပါးပြို၊ လူ ၄၀ ခန့်အိုးမဲ့အိမ်မဲ့ဖြစ်

စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ရွှေလောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး ဒေသခံ ၃၉ ဦး အိုးအိမ်မဲ့ဖြစ်သွားရသည်ဟု ဒေသခံများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ရွှေလောင်းမြစ်ကမ်းပါးဘေးရှိ အထက်ပေကုန်းကျေးရွာက ဦးတောင်လုံး၏ နေအိမ်အပါအဝင် အိမ် ၄ လုံးနှင့် ဟင်္သာဒုံးကျေးရွာမှ ဦးစိုးလှိုင် နေအိမ်အပါအဝင် အိမ် ၄ လုံး မြစ်ရေတိုက်စားပြီး မြစ်အတွင်း အိမ်များပြိုကျမျောပါသွားခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အချို့ ပြောသည်။

"လူနဲ့ တိရိစ္ဆာန် သေတာပျောက် ထိခိုက်တာမရှိဘူး။ အိမ်တွေပဲ မြစ်ထဲမျောကုန်တာ" ဟု ဒေသခံ ဦးကိုဝင်းက ပြောသည်။

အထက်ပေကုန်းရွာမှ ကမ်းပါး အရှည် ပေ ၄၀၊ အကျယ် ပေ ၂၀ နှင့် ဟင်္သာဒုံးရွာ မှ ကမ်းပါး အရှည် ပေ ၅၀၊ အကျယ် ပေ ၃၀ ခန့် ကမ်းပြိုသွားပြီး နေအိမ် ၈ လုံးနှင့် ကျား ၁၉ ဦး၊ မ ၂၀ ဦး အိုးအိမ်မဲ့ဖြစ်သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူနှင့် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆုံးရှုံးမှုတန်ဘိုး ၂၉ သိန်းခန့်ဖြစ်ကြောင်း ရွှေလောင်းနယ်မြေရဲတပ်ဖွဲ့၏ ကနဦးသတင်းအရ သိရသည်။

"ရဲတပ်ဖွဲ့ မီးသတ်နဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး ကမ်းထိန်းကမ်းတားတာတွေ လုပ်ထားတယ်။ အိမ်ယာမဲ့သွားသူတွေကို သင့်တော်ရာမှာ ယာယီနေထိုင်ဖို့ စီစဉ်ပေးထားတယ်" ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

မြို့နယ် ခရိုင် တိုင်း အဆင့်ဆင့်သော တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာက တာဝန်ရှိသူများ ယနေ့အချိန်ထိ တစ်စုံတစ်ရာ လာရောက်ကူညီထောက်ပံ့ပေးခြင်းများ မရှိသေးဘူးဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်အချို့က ပြောသည်။

အထက်ပေကုန်းနှင့် ဟင်္သာဒုံးကျေးရွာနှစ်ရွာသည် အိမ်ခြေ ၃၀၀ ဝန်းကျင်ခန့်ရှိပြီး လူဦးရေ ၈၀၀ ခန့် နေထိုင်သည်ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့၏ စာရင်းများအရ သိရသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...