အင်းတော်ကြီးဒေသမှာကိုဗစ်ကူးစက်မှုဘာကြောင့်မြင့်တက်နေရသလဲ

အင်းတော်ကြီးဒေသမှာကိုဗစ်ကူးစက်မှုဘာကြောင့်မြင့်တက်နေရသလဲ

မြန်မာနိုင်ငံရဲ့ အကြီးဆုံးသော အင်းအိုင်တစ်ခုလည်းဖြစ်၊ ယူနစကို၏ ဇီဝအဝန်းအဝိုင်းနယ်မြေအဖြစ်လည်းသတ်မှတ်ခံထားရတဲ့ အင်းတော်ကြီးဒေသမှာ ဩဂုတ်လအစပိုင်းကစပြီး ယခုအချိန်အထိ ကူးစက်မှုက မြင့်သထက်မြင့်တက်လာသည်ကို တွေ့မြင်နေရသည်။ မြန်မာနိုင်ငံ၏ တတိယလှိုင်းအပြင်းထန် ဆုံးသောကာလသည် ဇူလိုင်လဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောင်နှင့်ချီသေဆုံးခဲ့သည်။ထိုအချိန်တွင် အင်းတော်ကြီးဒေသ၌ ကူးစက်သူအနည်းငယ်မျှသာရှိသေးသည်။ တတိယလှိုင်းအစတွင် ကူးစက်သူ ဆယ်ဂဏန်းခန့်တာရှိနေသေးသည်။ ဩဂုတ်နောင်းပိုင်းတွင် ကူးစက်မှုက ရာနှင့်ချီရောက်ရှိလာခဲ့သလို သေဆုံးသူများကလည်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကူးတာတော့ကူးခဲ့မှာပါ၊ အရင်ကတော့ စစ်ဆေးတဲ့နေရာတွေလည်းမရှိတော့ ဖြစ်တယ်ဆိုရင်လည်း နာစေး၊ တုတ်ကွေးဖြစ်တယ်ဆိုပြီး ဒီလိုပဲနေခဲ့ကြတာ” ဟု အိုင်လေးတူကျေးရွာသား တစ်ဦးကပြောသည်။

အင်းတော်ကြီးဒေသတွင် တတိယလှိုင်းသည်ကိုဗစ်စစ်ဆေးမှုကို မိုင်းနောင်ကျေးရွာတွင် ခရီးသွားရာဇဝင်ရှိသူတချို့ပိုးတွေ့ခဲ့သည်မှစပြီး ဆယ်နှင့်ချီဆက်လက်ပျံ့ပွားလာခဲ့သည်။ အင်းတော်ကြီးဒေသတွင် တိုက်နယ် ဆေးရုံသုံးခုရှိပြီး ဩဂုတ်လမှ အင်းတော်ကြီးမြို့ (ယခင်လုံးတုံကျေးရွာ) တိုက်နယ်ဆေးရုံ နှင့် နန့်မွန်းတိုက်နယ်ဆေးရုံတို့က ဖွင့်ပြီး ကိုဗစ်တတိယလှိုင်းကို ပြန်လည်ခုခံဖို့ ပြင်ဆင်ဖွင့်လှစ်ခဲ့ကြသည်။ ဖွင့်လှစ်ထားပြီးသော်လည်း ကုသရေးဆိုင်ရာ ဆေးဝါးများနှင့် ဆရာဝန် ၊သူနာပြုအင်အားများက လိုအပ်မှုများရှိနေခဲ့သည်။ ကူးစက်မှုအရှိန်ကလည်း ဩဂုတ်လအတွင်းမှာ မြင့်လာခဲ့သလို ယနေ့အချိန်ထိလည်း မြင့်တက်နေဆဲဖြစ်သည်။

“ဒီမှာက Mask တွေမတပ်ကြဘူး ။ ဒီအတိုင်းပဲသွားလာနေကြတာ” ဟု အင်းတော်ကြီးရှမ်းနီလူငယ်ကွန်ရက် မှ စိုင်းကျော်ထက်အောင်ကဆိုသည်။

ကျေးရွာများတွင် ကိုဗစ်ကာကွယ်ရေးဆိုင်ရာအခြေခံအချက်များကိုလျစ်လျူရှုနေခဲ့ကြသည်။ Mask စျေးနှုန်းများကပုံမှန်အတိုင်းဖြစ်သော်လည်း Mask တပ်ဆင်မည့်သူမရှိ သလောက်ပင်ဖြစ်သည်။ ထို့ပြင် လက်ဆေးရမည်ဆိုသည့် အချက်ကိုလည်း လိုက်နာသူမရှိသလောက်ဖြစ်သည်။ ကိုဗစ်နှင့်ပတ်သက်ပြီး အင်းတော်ကြီးဒေသသည်လည်း Stay at home သတ်မှတ်ကြေညာထား လည်း ပုံမှန်အခြေအနေအတိုင်းပင်ဖြစ်သည်။

“ဘာလို့တိုးသလဲဆိုရင် ချမှတ်ထားတဲ့စည်းကမ်းတွေကို မလိုက်နာလို့ပဲမြင်တာပါ့၊ Mask တွေက တပ်တဲ့ဟာလည်းတပ်ကြတယ် မတပ်တဲ့ဟာလည်းမတပ်ဘူး။ မတပ်တာကများတယ်။” ဟု စိုင်းကျော်ထက်အောင်က ဆိုသည်။

အင်းတော်ကြီးဒေသတွင်ကိုဗစ် Testkit အတွက် ကျသင့်ငွေတစ်သောင်းပေးရကြောင်းလည်း သိရသည်။ အင်းတော်ကြီးဒေသသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားလုပ်ကိုင်သည့် ဒေသတစ်ခုလည်းဖြစ်သောကြောင့် လယ်ယာလုပ်ငန်းအပေါ်အဓိက အာရုံစိုက်ကြသည်။ ကိုဗစ်တတိယလှိုင်း နှင့် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ၎င်းတို့အတွက် လယ်ယာလုပ်ငန်းခွင်တွင် ကုန်စျေးနှုန်းကြီးမြင့်မှုများနှင့် မြေဩဇာစျေးနှုန်းများမြင့်တက်စွာဖြစ်ပွားလာခြင်းကြောင့် ကျန်းမာရေးကဏ္ဍကို လှည့်မကြည့်နိုင်သူများစွာလည်းရှိခဲ့ကြသည်။

“နာစေးချောင်းဆိုးတဲ့လူတွေအများကြီးရှိတယ်။လက္ခဏာတွေတော့ပြနေကြတာပါ့ ။ ဒါပေမယ့်သွားမစစ်ကြဘူး၊ သွားမစစ်ကြဘူးဆိုတာကလည်း တချို့လယ်ယာလုပ်ငန်း လုပ်ထားတော့ ၊သွားစစ်ပြီဆိုလည်း အိမ်ကဟာကြီးတွေကိုစိုးရိမ်စိတ်တွေနဲ့ တစ်မိသားစုလုံးတွေ့သွားရင်ဘယ်လိုလုပ်မလဲဆိုတာ၊ ငါတို့ကကြည့်မယ့်သူမရှိဘူး အဲ့လိုမျိုးတွေဖြစ်ကြတာလေ” ဟု အိုင်လေးတူကျေးရွာမှသားတစ်ဦးကဆိုသည်။

အင်းတော်ကြီးဒေသ အိုင်လေးတူကျေးရွာရှိ ကိုဗစ်ပိုးတွေ့ရှိသည့် မိသားစုအများစုကသည် နေအိမ်သော့ခတ်ထားပြီး မိသားစုလိုက် ကုသရေးစင်တာတွေ နေထိုင်နေကြရသည်။ ၎င်းတို့အတွက် အင်းတော်ကြီးဒေသရှမ်းနီလူငယ်ကွန်ရက်အပါအဝင် ဒေသတွင်းအလှူရှင်များက ကူညီထောက်ပံ့မှုများဖြင့် နေထိုင်ကုသမှုများဆောင်ရွက်ပေးနေကြခြင်းဖြစ်သည်။ ထိုစိုးရိမ်ချက်များကြောင့်လည်း ကူးစက်မှုကမြင့်လာပြီး တချို့မိသားစုလိုက် အနံ့ပျောက်မှုများဖြစ်ပေါ်နေသည်။

“ရွာထဲမှာဘယ်နှစ်ယောက်ဆိုတာပြောရခက်တယ်၊ အိမ်မှာပဲကြိတ်ကုနေကြတာ” ဟု အင်းတော်ကြီးအင်းမြှီးဒေသ မပြင်ကျေးရွာသားတစ်ဦးကဆိုသည်။

အင်းတော်ကြီးဒေသတွင် ကိုဗစ်ရောဂါပိုးကြောင့် သေဆုံးသူ ၈ ဦးထိရှိလာခဲ့ပြီး အများစု ရောဂါအခံရှိကြသူများဖြစ်သည်။ ကိုဗစ်ကူးစက်မှုတွင် ကာကွယ်ဆေးထိုးနှစ်ကြိမ်တိုင်ထိုးထားပြီးသူများလည်းပြန်လည်ဖြစ်ပွားခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နေ့စာရင်းအရ ကူးစက်သူ ငါးရာကျော်ရှိသွားခဲ့ပြီဖြစ်သည်။

“ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ထူးသာက အသက်ကြီးရွယ်အိုတွေ ရောဂါအခံရှိသူတွေတချို့ကူးစက်ခံနေရတယ် သေဆုံးမှုလည်းရှိနေတယ်အတွက် ဒေသသားတွေကို ကိုဗစ်စည်းကမ်းနဲ့အညီနေထိုင်စေချင်တယ်” ဟု ကိုဗစ်ရောဂါပိုးစစ်ဆေးပေးနေသည့် စေတနာ့ဝန်ထမ်း ကိုပေါ်ထင်က ပြောသည်။

အင်းတော်ကြီးဒေသတွင်း ကိုဗစ်ရောဂါပိုးကူးစက်မှုသတင်းအ ချက်အလက်များရရှိမှု နည်းကြသလို၊ ကာကွယ်ရေးနည်းလမ်းများသိရှိသူနှင့် လိုက်နာသူနည်းပါးနေသည်။ အင်းတော်ကြီးဒေသတွင်းတွင် ကိုဗစ်ပိုးယခင်လိုပြန်လည်ကင်းစင်နိုင်ရန်အဖို့ ကိုဗစ်စည်းကမ်းများကို ပြန်လည်လိုက်နာကြဖို့လည်းလိုအပ်လာခဲ့ပြီဖြစ်သည်။

လက်ရှိတွင် ရေတိုဖြေရှင်းသည့်နည်းလမ်းဖြစ်သည့် နံနက်စျေးများပိတ်ထားခြင်း၊ ရွာတံခါးပိတ်ခြင်းနှင့် ရွာဝင်ရွာထွက်စစ်ဆေးခြင်း စသည်တို့က အသုံးမဝင်တော့ပေ။ အဓိကကျသည့် ကိုဗစ်အခြေခံဖြစ်သည့် နာခေါင်းစည်း Mask တပ်ဆင်ခြင်း၊ လက်ကိုနည်းစနစ်တကျဆေးခြင်းများ ပုံမှန်ပြန်လည်လုပ်ဆောင်သင့်သည်။ ထို့ပြင် ရောဂါလက္ခဏာတစ်ခုခုခံစားလာရပါက စစ်ဆေးခြင်းများပြုလုပ်၍သော်လည်းကောင်း စစ်ဆေးခြင်းနှင့်အလှမ်းဝေးနေလျှင် ကိုဗစ်အိမ်တွင်းကုသမှု အခြေခံအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်သင့်ပေသည်။ ထိုအချက်များကသာ အင်းတော်ကြီးဒေသတွင်း ကူးစက်မှုကိုလျှော့ကျလာစေနိုင်မည်ဖြစ်ပေသည်။ အဘက်ဘက်ကဆုတ်ယုတ်နေသည့်နိုင်ငံအတွင်းမှ ဖွံံ့ဖြိုးစကျေးလက်၏ ကိုဗစ်ရောဂါပိုးထိန်းချုပ်နိုင်ဖို့ရန်အတွက်လည်း အဘက်ဘက်မှအကန့် အသတ်များကရှိနေဆဲဖြစ်သည် ။

ဆေးရုံများမလုံလောက်မှု၊ ကျန်းမာရေးဝန်ထမ်းအားနည်းမှုများ၊ ကျန်းမာရေးစောက်ရှောက်မှုအားနည်းချက်များက စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်နေပေသည်။ စိန်ခေါ်မှုအရပ်ရပ်များနှင့် အားနည်းမှုအရပ်ရပ်များကို ကျော်လွှားဖို့ မိမိကအစ ကိုဗစ်ကာကွယ်ရေးအတွက် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်နေသည်မှာ မလွဲမသွေပင်ဖြစ်ပေတည်း။

 
 

 

 

Most read this week

May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...