ကော့ကရိတ်မြို့တွင် စားသောက်ကုန်များ၏ စျေးနှုန်းများမှာ ယခင်ကထက် မြင့်တက်လာသည့်အတွက် ကျေးလက်နှင့် မြို့တွင်းနေထိုင်သူများမှာ စားဝတ်နေရေးအတွက် ပိုမိုရုန်းကန်ကြရသည့် အခက်အခဲများဖြစ်နေကြသည်ဟု ဒေသတွင်း သတင်းများအရ သိရှိရသည်။
မြို့ခံစျေးသည်တစ်ဦးက "ဈေးကတော့ အရင်လို ရောင်းမကောင်းတော့ဘူးပေါ့နော်။ ဘာလို့ဆို ကိုဗစ်နဲ့ ကုန်ဈေးနှုန်း တွေ တက်လာတဲ့အတွက်ကြောင့်ပေါ့နော်။ အရင်က ဆီ ၁လီတာဗူးဆိုရင် ၁၀၀၀ ကျော်ပဲရောင်းတယ်။ အခုက ၂၇၀၀ နဲ့ ရောင်းရတယ်ပေါ့နော်။ ဆားတို့လည်း ဒီလိုပဲ။ အရင်က တစ်တွဲကို ၁၈၀၀ နဲ့ပဲရောင်းတယ်။ အခု ၂၂၀၀ နဲ့ ရောင်းတယ်ပေါ့နော်။ ဒီအခုနောက်ပိုင်း ဈေးတွေက အကုန်တက်တယ်။" ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် ပြည်တွင်းထုတ်ကုန် ကြက်သွန်အပါအဝင် မာမားခေါက်ဆွဲခြောက်၊ သကြား၊ ပဲနို့ စသည့် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် စားသောက်ကုန်များမှာလည်း ဇူလိုင်လကတည်းက ဈေးနှုန်းမြင့်တက်လာခဲ့သည်။
သို့သော် ဒေသခံများ၏ ခြံထွက်သီးနှံများဖြစ်သည့် သံပုရာသီး၊ ရှောက်သီး၊ ကျွဲကောနှင့် ငှက်ပျောသီး စသည်တို့မှာမူ ယခင်နှစ်များကဲ့သို့ ရောင်းချရန် စျေးကွက်မရှိဘဲဖြစ်နေသည်ဟု ခြံစိုက်သူများ၏ ပြောပြချက်အရ သိရသည်။
ယခုလို ကိုဗစ်ကာလတွင် ကိုဗစ်ညွှန်ကြားချက်နှင့်အညီ အသွားအလာကန့်သတ်မှုရှိသလို စစ်တပ်က အာဏာသိမ်းပြီး ၈ လခန့်အကြာတွင် ဒေါ်လာဈေး အဆမတန် မြင့်တက်မှုကြောင့် ဈေးဆိုင်များရှိ ကုန်ပစ္စည်းများမှာလည်း ယခင်ကထက် ဈေးနှုန်းမြင့်တက်လာကာ ဝယ်သူနည်းလာသဖြင့် စျေးရောင်းမကောင်းကြောင်း ကော့ကရိတ်မြို့ရှိ ဈေးသည်တစ်ဦးက ပြောသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားသူ ကျောင်းဆရာမတစ်ဦးက “အရင်ကထက်တော့ စားဝတ်နေရေး ကြပ်တည်းခက်ခဲလာတယ်။ ဝင်ငွေနည်းပြီး ထွက်ငွေက များနေတယ်ပေါ့နော်။ စီးပွားရေးကလည်း အရင်လိုမကောင်းဘူး။ ဒီလိုသာ ကြာကြာဖြစ်နေမယ်ဆိုရင် ကျမတို့လို အခြေခံလူတန်းစားတွေအတွက် အဆင်မပြေတော့ဘူး။" ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လက ကိုဗစ်ရောဂါကြောင့် ကော့ကရိတ်မြို့မဈေးကြီးကို စတင်ပိတ်ထားခဲ့ရာမှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကော့ကရိတ်မြို့ စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
ကော့ကရိတ်မြို့တွင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဈေးဝယ်လာသူများကို တစ်လ (သို့) လဝက်လျှင် ၃ ရက်ခန့် ဈေးဝယ်နိုင်ရန် သွားလာခွင့်ပြုပြီး မြို့တွင်းရှိ ရပ်ကွက်နေပြည်သူများကိုမူ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပုံမှန် စျေးဝယ်သွားလာခွင့်ပြုထားသည်ဟု သိရှိရသည်။







