ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် မဇ္ဈိမသတင်းဌာန၏ အယ်ဒီတာချုပ်ဟောင်း ကိုမျိုးသန့်အပါအဝင် အမျိုးသား ၃ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စက်တင်ဘာလ ၁၅ ရက်နေ့ညက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ပြောသည်။
ကိုမျိုးသန့် အဖမ်းခံရသည့်ညတွင် ကန်ကြီးထောင့်မြို့၏ NLD မြို့နယ်စည်းရုံးရေးမှူးဟောင်း ကိုဇော်ဇော်နိုင်နှင့် ကန်ကြီးထောင့်မြို့၊ မြို့မရပ်ကွက်နေထိုင်သူ ပုသိမ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း ကိုမြတ်မင်းတို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။
"စစ်သားတွေ ရဲတွေဝင်လာပြီး အဒေါ်တွေကို ဖမ်းမယ်ဆိုပြီးလုပ်လို့ သူက အဖမ်းခံလိုက်တာ။ ဘာလို့ဖမ်းတာလဲ မသိသေးဘူး" ဟု ကိုမျိုးသန့် ၏ ဇနီးဖြစ်သူက ပြောသည်။
တိုင်ကြားမှုရှိ၍ စစ်ဆေးမေးမြန်းရန်ဆိုပြီး လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ဖမ်းဆီးသည့်အဖွဲ့ကို ဦးဆောင်သူက ပြောသွားကြောင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ဝင် အချို့၏ ပြောပြချက်အရ သိရသည်။
"ဒလန်တွေက အနီ NLD တွေရယ် အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူရယ်ဆိုရင် စစ်တပ်ကို သတင်းပေးကြတော့ စစ်တပ်ကလည်း ဖမ်းနေတာပဲလေ။ ကိုမျိုးသန့်က ဆန္ဒပြတာမှာ ပါတာမျိုး မတွေ့မိဘူး" ဟု ကန်ကြီးထောင့် ဒေသခံ ဦးခင်ဝင်းက ပြောသည်။
ကိုမျိုးသန့်သည် မဇ္ဈိမသတင်းဌာနတွင် သတင်းအယ်ဒီတာချုပ်အဖြစ် ၈ နှစ်ခန့် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယခုအခါ ထိုသတင်းဌာနတွင် လုပ်ကိုင်ခြင်းမရှိတော့ကြောင်း ဧရာဝတီတိုင်းအခြေစိုက် မဇ္ဈိမသတင်းဌာနက သတင်းထောက်တစ်ဦးက ပြောသည်။
"လက်ရှိအနေအထားမှာ ဖမ်းထားခံသူတွေ ရဲစခန်းမှာမရှိဘူး။ ပုသိမ်က စစ်တပ်ထဲ ခေါ်စစ်နေပုံရတယ်" ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကန်ကြီးထောင့်မြို့နယ်တွင် စစ်ကောင်စီသတင်းပေး “ဒလန်” မောင်မောင်မြင့် အသတ်ခံပြီးနောက် ဖမ်းဆီးစစ်ဆေးမေးခံရသူ ၃၀ ဦးကျော်ခန့်ရှိနေပြီး ပြန်လွတ်လာသူ ၁၀ ဦးဝန်းကျင်ခန့်သာ ရှိသေးသည်ဟု ကန်ကြီးထောင့် ဒေသခံများက ပြောသည်။







