အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း ICRC က ထုတ်ပြန် လိုက်သည်။
အဆိုပါ တွေ့ဆုံမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
ကင်မ်အဲရစ်က “ဒီနေ့ဟာ မျှော်လင့်ချက်ကို ယူဆောင်လာပါတယ်။ အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ကျနော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကျနော် ကြိုဆိုပါ တယ်။ ဒီသတင်းကို အတည်ပြုနိုင်မယ်ဆိုရင်တော့ ဒါဟာ ငါးနှစ်ကျော်အတွင်း မေမေနဲ့ ပတ်သက်တဲ့ အပြု သဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှု ဖြစ်ပါလိမ့်မယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား သည်။
အဆိုပါ သွားရောက်တွေ့ဆုံမှုကို လွတ်လပ်ခွင့် ထိန်းချုပ်ခံထားရသူများထံ သွားရောက်ကြည့်ရှုသည့် ICRC ၏ လုပ်ထုံးလုပ်နည်း စံနှုန်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးခွင့် ရရှိခဲ့ကြောင်း ICRC က ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ တွေ့ဆုံခြင်းအားဖြင့် အကျဉ်းကျခံထားရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအကြား အပြန်အလှန် သတင်းအချက်အလက် ဖလှယ်နိုင်ခွင့်ကို ရရှိစေကြောင်းလည်း ပါရှိသည်။
ICRC က သတင်းမထုတ်ပြန်မီ ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်အုပ်စုက ဓာတ်ပုံများနှင့် တကွ ဦးစွာ ထုတ်ပြန်ခဲ့သည်။
သို့သော် စစ်အုပ်စု၏ ထုတ်ပြန်ချက်အပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများနှင့် သံသယများ မြင့်တက်နေချိန်၌ ICRC ကပါ ထပ်ဆင့် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်က စတင်ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ကို စစ်တပ်က မတရားဖမ်းဆီးထိန်းသိမ်းခဲ့ရာ ယခုအခါ ရက်ပေါင်း ၂,၀၀၀ ကျော် ကြာမြင့်လာပြီ ဖြစ် သည်။
စစ်တပ်က ရက်ပေါင်း ၂,၀၀၀ ကျော် ကြာသည့်တိုင် မိသားစုဝင်များနှင့်သာမက ပြင်ပကမ္ဘာနှင့်ပါ တွေ့ဆုံ ဆက်သွယ်ခွင့် မပေးဘဲ ဖုံးကွယ်ထားခဲ့ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က ပြောဆိုထားသည်။ ယခု ICRC နှင့် တွေ့ဆုံခွင့်ရသည်အထိ ဖိအားပေးဆောင်ရွက်ခဲ့သူများ အားလုံးကိုလည်း ၎င်းက ကျေးဇူးတင်ကြောင်း ပြောဆို ထားသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားသည် နောက်ဆုံးမဟုတ်ကြောင်းနှင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များ ရှိသေးကြောင်း ကင်မ်အဲရစ်က ထောက်ပြထားသည်။
“ဒါဟာ အရေးပါတဲ့ပထမခြေလှမ်းဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးခြေလှမ်းမဖြစ်စေရပါဘူး။ ဒီအခြေ အနေကနေ လူသားချင်းစာနာမှုဆိုင်ရာ တိုးတက်မှုတွေ ဆက်လက်ဖြစ်ပေါ်လာဖို့ ကျနော် မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။
ဆက်လက်၍လည်း ကင်မ်အဲရစ်က “အဲဒီထဲမှာ မေမေနဲ့ တိုက်ရိုက်စကားပြောခွင့်ရရှိရေး၊ မိသားစုနဲ့ တွေ့ဆုံ ခွင့်ရရှိရေး၊ မေမေ့ရဲ့ ကျန်းမာရေးအခြေအနေကို ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်တဲ့ သတင်း အချက်အလက် ရရှိရေးနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးနဲ့အတူ မေမေ့ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေး ရေးတို့ ပါဝင်ပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကို တရုတ်နှင့် အာဆီယံ သံတမန်များက တောင်းဆိုခဲ့သော်လည်း စစ်အုပ်စုက ငြင်းပယ်ခဲ့ပြီး ယခုနောက်ဆုံးတွင်မှ ICRC နှင့် တွေ့ဆုံမှုကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။







