ဘိုကလေး Mytel တာဝါတိုင် မီးရှို့ခံရ

ဘိုကလေး Mytel တာဝါတိုင် မီးရှို့ခံရ

ဘိုကလေးမြို့နယ်အတွင်းရှိ Mytel မိုင်တဲတာဝါတိုင်တစ်ခု စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်က မီးရှို့ဖျက်ဆီးခံရကြောင်း မြို့ခံများက ပြောသည်။

"တာဝါတိုင် မီးရှို့ခံရလို့ ဆိုလာပြား၊ ဝါယာကြိုးတွေနဲ့ ထရန်စဖော်မာပုံးတွေပါ ပျက်စီးသွားတယ် ရှို့တဲ့သူတွေကို ရဲက ဖမ်းမမိသေးဘူး" ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့ခံ ဦးအောင်ကြီးက ပြောသည်။

မီးလောင်ပျက်စီးသွားသည့် တာဝါတိုင်မှာ စိန်ဟိုင်းကျေးရွာရှိ တာဝါတိုင်ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့်ကလည်း မော်လမြိုင်ကျွန်းမြို့နယ် မယ်တလိုင်းကျေးရွာအုပ်စု ဝါးရုံစုကျေးရွာက Mytel မိုင်တဲတာဝါတိုင် မီးရှို့ခံရသည်ဟု ဒေသခံများက ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ Mytel မိုင်တဲတာဝါတိုင်အား စတင်မီးရှို့သည့် အချိန်တွင်ပင် မီးရှို့သူများအား ဖမ်းဆီးနိုင်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်းနှင့် ကျူးလွန်သူတစ်ဦးကို ဖမ်းမိကြောင်း မော်လမြိုင်ကျွန်း မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

"မိုင်တဲတာဝါတိုင်ဝန်းထဲမှာ အဝတ်ဖြတ်စာတွေ သွယ်တန်းချထားပြီး ဒီဇယ်နဲ့ ဓာတ်ဆီရောလောင်းပြီး မီးရှို့ဖို့လုပ်နေချိန်မှာ မိတာ" ဟု တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

မီးရှို့ရန်လုပ်သူ ၃ ဦးဖြစ်ပြီး မော်လမြိုင်ကျွန်းမြို့နယ် ပလွန်စာကျေးရွာနေ အသက် ၁၈ နှစ်ရှိ ကိုဟိန်းဇေယျာအောင်အား ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး၊ သံပိုက်တစ်ချောင်း၊ ဒီဇယ်ပုံးလွတ်တစ်လုံးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးအား ဖမ်းဆီးရမိရေးနှင့် အမှုဖွင့်အရေးယူနိုင်ရေးအတွက် ကိုဟိန်းဇေယျာအောင်အား မော်လမြိုင်ကျွန်း ရဲတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...