သွေး (စစ်ကိုင်း)
ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူတွေ ကမ္ဘာတဝှမ်းလုံးမှာ ဆက်လက် ရှိနေဆဲ ဖြစ်သလို မျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေလည်း ဆင့်ပွားလာနေတာ တွေ့ရပါတယ်။ ကူးစက်မှု အလွန်မြန်ဆန်တဲ့ Delta မျိုးကွဲကို မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ တခြားနိုင်ငံတချို့မှာလည်း Delta မျိုးကွဲ အပြင် Mu (မြူ) လို့ခေါ်တဲ့ မျိုးကွဲသစ် တစ်မျိုးပါ ထပ်မံတွေ့ရှိလာရလို့ ကူးစက်မှု ပိုမိုမြန်ဆန်လာမှာကို ပညာရှင်တွေ စိုးရိမ်နေကြပါတယ်။
Mu မျိုးကွဲကို စ,တင်တွေ့ရှိခဲ့ရတာကတော့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက ဖြစ်ပြီး ကိုလံဘီယာနိုင်ငံမှာ စ,တင်တွေ့ရှိခဲ့ရတာပါ။ ဆေးပညာအရ B.1.621 လို့လည်း ခေါ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က variant of interest (သတိထားရမယ့် မျိုးဗီဇကွဲ) အဖြစ် သတ်မှတ်ထားပါတယ်. Delta မျိုးကွဲက နိုင်ငံ ၁၇၀ ကျော်၊ Alpha မျိုးကွဲက နိုင်ငံ ၂၉၃ နိုင်ငံမှာ ပျံ့နှံ့နေ ပါတယ်။ World Economic Forum ရဲ့ ရေးသားချက်အရ Mu မျိုးကွဲတွေ တွေ့ရှိရတဲ့ နိုင်ငံပေါင်း ၃၉ နိုင်ငံရှိပြီ လို့ သိရ ပါတယ်။
ဒါပေမဲ့ ဒီမျိုးကွဲက Delta မျိုးကွဲထက် ပိုပြီး ပြင်းထန်နိုင်သလား, ကူးစက်မှု ပိုမိုမြန်ဆန်နိုင်သလား ဆိုတာတော့ ဆေးပညာရှင်တွေ စမ်းသပ်လေ့လာနေဆဲ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်ကူးစက်ခံရသူဟာ စက်တင်ဘာ ၁၂ ရက်နေ့ စာရင်းတွေ အရ ၂၂၄ ဒသမ ၃ သန်းရှိပြီး သေဆုံးသူ ပေါင်းဟာလည်း ၄ ဒသမ ၆ သန်းထိ ရှိသွားပြီ ဖြစ်ပါတယ်။ WHO အကြီးအကဲ Tedros ကလည်း ဒီကပ်ရောဂါကြီး ကို ကျော်လွှားနိုင်ဖို့ ဆိုရင် အလှမ်းဝေးနေသေးတယ် လို့ သတိပေးပါတယ်။
ကာကွယ်ဆေး ထိုးနှံနိုင်မှုနဲ့ ကာကွယ်ဆေး ဝယ်ယူ, ရရှိနိုင်မှုဟာလည်း ချမ်းသာတဲ့ နိုင်ငံတေါနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကြား ကွာဟချက်က ကြီးမားနေဆဲ ပါ။ တချို့သော နိုင်ငံတွေမှာ နိုင်ငံ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းဝန်းကျင်ပဲ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ပါသေးတာ တွေ့ရ ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲက လာအိုနိုင်ငံမှာလည်း ကိုဗစ်ကူးစက်ခံရမှု ပြန်လည် မြင့်တက်လာနေတာ တွေ့ရပါတယ်။ ဒီလိုမြင့်တက်လာရတာဟာ မျိုးဗီဇပြောင်း ကိုဗစ်ပိုးကြောင့် ဖြစ်တယ် လို့ လာအိုကျန်းမာရေးဌာနက ပြောကြားထားပြီး လူစုလူဝေး မလုပ်ကြဖို့လည်း တားမြစ်ထားပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့မှာ အသစ်ကူးစက်ခံရသူ ၂၁၇ ဦးထိ တွေ့ရှိခဲ့ရပြီး ကူးစက်ခံရသူပေါင်း ၁၇,၅၃၇ ဦးထိ ရှိလာပါတယ်။ လာအိုမှာသာမက ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေမှာလည်း ကိုဗစ်ကူးစက်ခံရမှု အရေအတွက် မြင့်တက်လာနေတာပါ။
စက်တင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘောဒီးယား ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေ အရ ကိုဗစ်ထပ်မံ ကူးစက်ခံရသူ ၆၂၉ ဦး ရှိခဲ့ပြီး သေဆုံးသူ ၉ ဦးရှိတယ်လို့ ဆိုပါတယ်။
အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာလည်း ကိုဗစ် ၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အတွက် ကိုဗစ်စည်းကမ်း ကန့်သတ်ချက်တွေကို စက်တင်ဘာလကုန်ထိ သက်တမ်းတိုးခဲ့ကြောင်း VOA သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ကာကွယ်ဆေး ထိုးနှံနိုင်မှု အပိုင်းကို လေ့လာကြည့်ရင် ဂျပန်နိုင်ငံ လူဦးရေရဲ့ တစ်ဝက်ကျော်ကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးပြီးပြီလို့ ဆိုပါတယ်။
ကိုဗစ် ၁၉ ရောဂါကို ကာကွယ်ရာမှာ ကာကွယ်ဆေး ထိုးနှံခြင်းကလည်း ထိပ်ဆုံးက အရေးပါနေတာ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟို (CDC) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကာကွယ်ဆေး ထိုးထားသူတွေ အနေနဲ့ ကာကွယ်ဆေး ထိုးနှံမထားသူတွေကြား ကွာဟချက်ကို လေ့လာ, နှိုင်းယှဉ်ပြထားတာပါ။ ကာကွယ်ဆေး ထိုးနှံမထားသူတွေက ကာကွယ်ဆေး ထိုးနှံထားသူတွေထက် ကိုဗစ် ၁၉ ကူးစက်ခံရနိုင်ခြေ ၅ ဆ ပိုများပြီး၊ သေဆုံးနိုင်ခြေက ၁၁ ဆ ပိုများတယ် လို့ ဆိုပါတယ်။
နောက်ပြီး မျိုးဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးရာမှာ Pfizer နဲ့ Moderna ကာကွယ်ဆေးတွေရဲ့ အစွမ်းထက်မှုကိုပါ (CDC) က နှိုင်းယှဉ်, လေ့လာထားပါသေးတယ်။ Moderna ကာကွယ်ဆေးက တော်တော်လေး အစွမ်းထက်ပြီး မျိုးဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ်ကို ၉၅ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ပြီး၊ Pfizer ကတော့ ၈၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ် လို့ သိရပါတယ်။ ဒါကြောင့် အမေရိကန် ကျန်းမာရေးဝန်ကြီးဌာနက အရွယ်ရောက်သူတိုင်းကို ကာကွယ်ဆေး ထိုးနှံကြဖို့ တိုက်တွန်းထားတာပါ။
ဒီနေရာမှာ မေးခွန်းထုတ်စရာ အချက်က ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ချမ်းသာတဲ့ နိုင်ငံတွေကြား ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု ကွာဟချက်ပါပဲ။ ဥပမာအနေနဲ့ ဆင်းရဲတဲ့ အာဖရိကတိုက်က နိုင်ငံတွေဟာ လူဦးရေရဲ့ ရာခိုင်နှုန်း အနည်းငယ်ကိုပဲ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်သေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေက ကာကွယ်ဆေးတွေကို လိုအပ်တဲ့ ပမာဏထက် ပိုပြီး ဝယ်ယူ, စုဆောင်းထားတာကြောင့် အာဖရိကတိုက်မှာ အားလုံးလွှမ်းခြုံနိုင်တဲ့ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အလှမ်းဝေးနေရတာ လို့ စောကြော, ဝေဖန်မှုတွေ ရှိလာနေတာပါ။ လက်ရှိအချိန်အထိ အာဖရိကတိုက်ရှိ လူဦးရေ စုစုပေါင်းရဲ့ ၃ ရာခိုင်နှုန်း မပြည့်တဲ့ လူဦးရေ ၃၉ သန်းကိုပဲ ကာကွယ်ဆေး ထိုးနှံပေးနိုင်ပါသေးတယ်။
ကျမတို့ မြန်မာနိုင်ငံမှာတော့ ကာကွယ်ဆေးထိုးနှံမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေတာ တွေ့ရပြီး ဦးစားပေးအုပ်စု အနေနဲ့ အသက် ၆၅ နှစ်နဲ့ အထက်တွေကို ထိုးနှံပေးခဲ့ပြီး၊ အသက် ၅၅ နှစ်နဲ့ အထက်၊ မသန်စွမ်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နာတာရှည်ရောဂါအခံ ရှိသူတွေကို ထပ်မံထိုးနှံပေးသွားမယ် လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့က တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး ၄ သန်း ထပ်မံရောက်ရှိလာကြောင်းလည်း သိရပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့အထိ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပေးပြီးသူ ၃ သန်း ၂ သိန်းကျော်နဲ့ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးပြီးသူ ၁ သန်း ၇ သိန်းကျော် ထိရှိတယ် လို့လည်း ဆိုပါတယ်။
ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကို ပြန်ကြည့်ရင် ကူးစက်မှုနှုန်းရော, သေဆုံးမှုနှုန်းပါ ပြန်လည် ကျဆင်းလာတာ တွေ့ရပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်တဲ့ စာရင်းအရ ကိုဗစ် ၁၉ ကူးစက်ခံရသူ ၂,၄၂၁ ဦးရှိပြီး သေဆုံးသူ ၇၆ ဦးရှိပါတယ်။ အခုလို ကူးစက်ခံရမှုနှုန်း ကျဆင်းလာရတဲ့ အကြောင်းရင်းက ကျမတို့ ပြည်သူတွေ ဘက်က ကိုဗစ်စည်းကမ်းချက်တွေကို သေသေချာချာ လိုက်နာကြလို့ ဖြစ်ပါတယ်။ သတိပြုရမယ့် အချက်တစ်ခုကတော့ လူတစ်ယောက်ဟာ ကိုဗစ်ကာကွယ်ဆေး ၁ ကြိမ် ထိုးနှံပြီး ဖြစ်ပေမဲ့ အကြိမ်အရေအတွက် ပြည့်အောင် ထိုးနှံမှသာ ရောဂါကူးစက်မှုကနေ ထိရောက်တဲ့ အကာအကွယ် ရနိုင်မယ် ဆိုတာပါ။ ကာကွယ်ဆေး ထိုးနှံပြီးပြီ ဆိုပေမဲ့ Mask တပ်ခြင်း၊ လက်ဆေးခြင်း တွေကို ဆက်လက်လိုက်နာဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး အတွက် စာသင်ကျောင်းတွေကို စက်တင်ဘာ ၂၄ ရက်နေ့အထိ ဆက်လက်ပိတ်ထားမယ် လို့လည်း သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက KIA ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ကချင်ပြည်နယ် လိုင်ဇာမှာတော့ လူဦးရေ ၂ သောင်းကျော်အထိ ကာကွယ်ဆေး ထိုးနှံပြီးပြီလို့ KIA ဗဟိုရဲ့ ကိုဗစ်နှိမ်နင်းရေး ကော်မတီက ပြောကြားတာကို BBC သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာပြောင်းရွှေ့ အလုပ်သမားတွေကို ထိုင်းအစိုးရက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတာလည်း ရှိပါတယ်။ ကိုဗစ် ၁၉ ကူးစက်ခံရပြီး ပြန်ကောင်းလာတယ် ဆိုပေမဲ့ နောက်ဆက်တွဲ ကျန်းမာရေး သက်ရောက်မှုတွေကို သတိပြုဖို့ လိုအပ်သလို အာဟာရ ပြည့်ဝအောင် စားသောက်ဖို့လည်း အထူးအရေးကြီးပါတယ်။
မြန်မာနိုင်ငံမှာ ဒယ်လ်တာမျိုးကွဲ ကူးစက်မှုတွေ ရှိလာနေသေးတဲ့ အတွက် ကိုဗစ်ကို ဆက်ပြီး သတိပြု နေထိုင်ဖို့ လိုအပ်နေဆဲ ဖြစ်သလို အခြားမျိုးကွဲတွေ ရှိလာနိုင်တာကိုလည်း အမြဲသတိကပ်ပြီး နေထိုင်ကြဖို့လည်း မမေ့စေချင်ပါဘူး။ ရေများများ သောက်ဖို့၊ အိပ်ရေး ဝ,အောင်အိပ်စက်ဖို့ လိုပါတယ်။ နောက်ပြီး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကျော်လွှားမယ် ဆိုတဲ့ စိတ်ခွန်အားကို မွေးမြူတာနဲ့ အမျှ ကိုဗစ် ၁၉ ကပ်ရောဂါကို တွန်းလှန်ကျော်လွှားနိုင်မှာ ဖြစ်ပါကြောင်း တိုက်တွန်း, ရေးသားလိုက်ရပါတယ်။
သွေး (စစ်ကိုင်း)







