UEC စာများ ဒေါ်အောင်ဆန်းစုကြည် လက်မခံ

UEC စာများ ဒေါ်အောင်ဆန်းစုကြည် လက်မခံ

စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသည့် UEC အသစ်၏ စာနှစ်စောင်အား နေပြည်တော် အထူးတရားရုံး၌ တရားရင်ဆိုင်နေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပေးပို့ခဲ့သော်လည်း ၎င်းက လက်မခံခဲ့ကြောင်း သူမ၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါစာသည် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင်ရှိသည့် NLD ပါတီရုံးချုပ်ရှိ ပါတီအလုပ်အမှုဆောင် အဖွဲ့ကို လိပ် မူပေးပို့ အကြောင်းကြားထားသည့် စာဖြစ်၍ ပါတီ၏ စည်းမျဉ်းအရ တစ်ဦးတည်းဆုံးဖြတ်၍မရဘဲ ပါတီ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ဆုံတွေ့ပြီးမှသာ ဆုံးဖြတ်နိုင်မည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်က ထိုစာများကို လက်မခံခဲ့ခြင်းဖြစ်သည်ဟု သူမ၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရန်ကုန်က ရှေ့နေတယောက်က စာအိတ်နှစ်အိတ်ကို ဒေါ်အောင်ဆန်းစုကြည်ကိုပေးတယ်။ စာက NLD ပါတီကို အစစ်ဆေးခံဖို့ အကြောင်းကြားတဲ့စာဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အသစ်သည် နိုင်ငံရေးပါတီများ ပိုင်ဆိုင်မှုနှင့် ငွေကြေးများကို စစ်ဆေးသွားမည်ဖြစ်၍ ပြင်ဆင်ထားရန် နိုင်ငံရေးပါတီများကို သြဂုတ်လ ၁၃ ရက်နေ့က အသိပေးထုတ်ပြန်ထားပြီး NLD ပါတီသို့လည်း အကြောင်းကြားစာများပေးပို့ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက စစ်ကောင်စီက အသစ်ဖွဲ့ထားသည့် ရွေးကောက်ပွဲ ကော်မရှင်သည် တရားမဝင်၍ ပါတီအနေဖြင့် စစ်ဆေးမှုကို လက်ခံသွားမှာမဟုတ်ကြောင်း မီဒီယာများကို ပြောကြားထားသည်။

ရွေးကောက်ပွဲကော်မရှင်အသစ်၏ ထုတ်ပြန်ချက်တွင် ပါတီများ၏ ဝင်ကြေး၊ လစဉ်ကြေး အလှူငွေများအပါအဝင် ငွေကြေးရရှိမှုပုံစံနှင့် ရငွေ၊ သုံးငွေစာရင်း၊ ပါတီပိုင် စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေနှင့် အမြတ်စာရင်း၊ ပါတီပိုင် ပစ္စည်းစာရင်း၊ ပါတီများမှ ဝယ်ယူထားသည့် ပစ္စည်းစာရင်းများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးခြင်းသည် ဆယ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကာ CRPH၊ NUG တို့နှင့် နိုင်ငံရေးပါတီများ ဆက်သွယ်မှု ရှိ/မရှိကိုလည်း အဓိက စစ်ဆေးမှာဖြစ်သည့်အတွက် NLD ပါတီ ဖျက်သိမ်းရေးလမ်းကြောင်းကို ဦးတည်ထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က မီဒီယာများအား ပြောဆိုထားမှုလည်းရှိသည်။

 
 

 

 

August 1, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့်...
July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...