တနိုင်းမှော်များတွင် တပ်မတော်မှ နယ်မြေရှင်းလင်းမည်

တနိုင်းမှော်များတွင် တပ်မတော်မှ နယ်မြေရှင်းလင်းမည်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
တပ်မတော်မှ နယ်မြေရှင်းမည်ဖြစ်၍ ကချင်ပြည်နယ်၊ တနိုင်းမြိ်ု့နယ်အတွင်းရှိ ရွှေမှော်နှင့် ပယင်းမှော်များတွင် နေထိုင်လုပ်ကိုင်နေသူများအား ဇွန်လ ၁၅ ရက်နေ့တွင် မှော်အတွင်းမှ နောက်ဆုံးထား ထွက်ခွာပေးရမည်ဆိုသည့် စာများပျံ့ နှံ့နေသောကြောင့် ဒေသခံများစိုးရိမ်နေကြသည်။

“တနိုင်းမြို့နယ်ရှိ မှော်များသည် နိုင်ငံတော်မှ တရားဝင်ခွင့်ပြုထားသည့် မှော်များမဟုတ်သည့်အတွက် ရွှေ၊ ပယင်း တူးဖော်ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးစေသည့်အပြင် ဟေဂစနစ်ကို ပျက်ဆီး ဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေသောကြောင့် တပ်မတော်မှ မကြာမီနယ်မြေရှင်းလင်းခြင်းများကို ဆောင်ရွက်သွား မည်ဖြစ်သည်” ဟု ဇွန်လ ၅ ရက်နေ့ ယမန်နေ့က လေယာဉ်ပေါ်မှ ပစ်ချဖြန့်ဝေသည့် စာတစ်စောင် မှော်အတွင်း တွင် ပြန့်နှံနေသည်ဟု ဒေသခံများက ပြောသည်။

ထိုစာထဲတွင် မှော်အတွင်းနေထိုင်သူ ဒေသခံပြည်သူများ၊ ရွှေ့ ပြောင်းအလုပ်သမားများ အနေဖြင့် ၂၀၁၇ ဇွန်လ ၁၅ ရက်နေ့တွင် နောက်ဆုံးထား ထွက်ခွာပေးရမည် ဟုပါရှိသည်။

“အဲဒီစာရွက်က နေရာတကာ ရောက်နေတာကိုး အဲဒါကြောင့်တော့ ဖြန့်တယ်လို့တော့ပြောတာပဲ အဲဒီစာ ဖြန့်တယ်ဆိုပြီးမှ တစ်ချို့တွေက အတည်ပြုပြောတဲ့ လူတွေလည်းရှိတယ်။ ဖုန်းဆက်သွယ်တဲ့ လူတွေကျတော့ အဲဒီစာက လေယာဉ်ပေါ်ကနေ ကျလာတယ်လို့ ပြောတဲ့လူတွေကတော့ ရှိတယ်။”  ဟုဒေသခံ တစ်ဦးက ပြောသည်။

ယင်းစာမှာ မှော်အတွင်းနှင့် အနီးအနားရှိ ကျေးရွာများအပြင် ကေအိုင်အို/ကေအိုင်အေ ထိန်းချုပ်သည့်နေရာ ဒေသများတွင်သာ  ပြန့်နှံနေပြီး တနိုင်းမြို့ အတွင်း တရားဝင် ဖြန့်ဝေခြင်း မရှိဘူးဟု တနိုင်းဒေသခံ ဦး နော်တောင်က ပြောသည်။

“ခုနပြောတဲ့ နမ်ခမ်းတို့နေရာမှာကို ရောက်နေတာ အဲဒီစာတွေက တနိုင်းမြို့မှာတော့ ဖြန့်တာတော့ မကြားပါ ဘူး။ ဟိုတောမှာ ခုနကပြောတဲ့ ကေအိုင်အေတွေ အုပ်ချုပ်တဲ့နေရာမှာ ဖြန့်ပေးတယ်လို့ ပြောတာပဲ”

ထိုစာထဲတွင် “ရွှေမှော်၊ ပယင်းမှော်များမှ ထွက်ခွာခြင်းမရှိသူများအား ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အို/ကေအိုင်အေ နှင့် ပူးပေါင်းသူများအဖြစ် သတ်မှတ်မည်”ဟု သတိပေးထားသည်။

ထို့အပြင် နယ်မြေရှင်းလင်းသည့်အခါ ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်လာမည်ကို မလိုလားသည့်အတွက် ယခုကဲ့သို့ ကြိုတင်အသိပေး အကြောင်းကြားခြင်းဖြစ်သည်ဟု စာထဲတွင် ပါရှိသည်။

၎င်းအသိပေး အကြောင်းကြားစာနှင့် ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာချုပ်သို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ယခုကဲ့သို့ ရွှေမှော်၊ ပယင်းမှော်များအား ပိတ်ပြီး နယ်မြေရှင်းလင်း ပြုလုပ်မည်ဆိုပါက ဒေသခံများအနေဖြင့် ရှာဖွေစားသောက်ရန် ခက်ခဲလာနိုင်သည်ဟု ပြောသည်။

”ကျွန်တော်တို့ ပြည်သူတွေက များသောအားဖြင့်က မှော်မှာ လက်လုပ်လက်စားတို့ ကုန်စိမ်းရောင်းတာက အစပေါ့လေ အဲလိုမျိုးနဲ့ ရှာစားတဲ့ သူတွေဘဲများနေပါတယ် ဆိုတော့ ဒီလိုအခြေအနေမှာ တရာမဝင်းမှော် ဆိုတော့ ပြည်သူတွေရဲ့ ဘဝကတော့ ပြည်သူတွေရဲ့ စားဝတ်နေရေးကတော့ တော်တော်လည်းကို ထိခိုက်တဲ့ အခြေအနေမှာ ရှိနေပါတယ်”

ထိုုးစစ်များ ဖြစ်လာပါက ဒေသခံများ အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်စေမည်ဟု  ဒေသခံတစ်ဦးမှ ယခုလို ဆက်ပြောသည်။

“ကျွန်တော်တို့ ကျောက်စိမ်း ဖားကန့်မှော်တွေမှာလည်း စက်ယန္တရားအကြီးတွေနဲ့ တကယ့်ကမ္ဘာမှာတောင်မှ အင်မတန်မှ အသုံးနည်းတဲ့ အကြီးတွေနဲ့ကို ကျောက်စိမ်းတူးတဲ့ဟာတွေ တောင်တွေ ဖြိုတာ၊ ရွာတွေကို ဟိုရွေ့ဒီရွေ့နဲ့ လုပ်နေတဲ့ ဟာတွေ အများကြီးတွေ့ရတယ် ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ တစ်တောင်လုံး၊ တစ်တောလုံး၊ တစ်ရွာလုံး အဲလိုမျိုးပျက်စီးနေတဲ့ အခြေအနေကိုကျတော့ ဘာမှမပြောဘဲနဲ့ အခုဒီဘက်ကျတော့ ပြည်သူ တွေရဲ့ ဒေသခံပြည်သူတွေရဲ့ ထမင်းအိုးလိုဖြစ်နေတဲ့ ဒီနည်းနည်းပါးပါး လုပ်စားလို့ရတဲ့မှော်ကို ကျတော့ တရား မဝင် ဂေဟစနစ်ပျက်စီးတဲ့အရာဆိုပြီးမှ နယ်မြေရှင်းလင်းရေးလုပ်မယ် ဆိုတဲ့ ဥစ္စာက ကျွန်တော်တို့ ပြည်သူ တွေ အနေနဲ့တော့ တော်တော်လေး အခက်ခဲရှိတယ်ခင်ဗျား”

တနိုင်းမြို့နယ်အတွင်းတွင် ထန်းပလားမှော်၊ ၀မ်းပလားမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော်၊ ချောင်းဆုံမှော်၊ နန်ဗျူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီးဖြူကုန်းမှော်၊ ညောင်ပင်ကုန်းမှော်နှင့် နမ့်ကွမ်းမှော် တို့ရှိပြီး ၎င်းမှော်များတွင် ဒေသခံများနှင့် မြန်မာနိုင်ငံရှိ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်လုပ်ကိုင်ကြသည်။

တနိုင်းမြို့နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အို/ကေအိုင်အေ တို့ကြား ဇွန်လ ၃ ရက်နေ့မှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့် နောက်ပိုင်း ယခုကဲ့သို့ ရွှေမှော်၊ ပယင်းမှော် များအတွင်း မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်ရန် အသိပေးအကြောင်းကြားစာ ထွက်ပေါ်လာ ခြင်းဖြစ်သည်။

Most read this week

December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
ဓာတ်ပုံ - MYANMAR NATIONAL PORTAL
December 9, 2025
တက္ကသိုလ် တက်ရောက်ခွင့်ကို ခြိမ်းခြောက်၍ ရှမ်းပြည်မှ ကျောင်းသား ၂၅၀ ကျော် ကြိုတင်မဲပေးရန်...