ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ စစ်ကောင်စီပိုင် Mytel ဖုန်းတာဝါတိုင်များ ဖျက်ဆီးခံရခြင်းမရှိစေရန် လုံခြုံရေးတာဝန်ယူမည့် နယ်ခြားစောင့်တပ် (BGF) အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက စက်တင်ဘာလ ၁၄ ရက်တွင် ငွေလိုက်လံကောက်ခံနေကြောင်း ဒေသခံရွာသားများ၏ ပြောပြချက်များအရ သိရသည်။
လှိုင်းဘွဲမြို့နယ်မှ BGF အခြေစိုက်နယ်မြေဖြစ်သည့် ဥဒေါင်းရွာနှင့် နံ့သာအုံးကျေးရွာတို့တွင် Mytel ဖုန်းတာဝါတိုင် လုံခြုံရေးယူပေးမည့် ဒေသခံနှင့် BGF အတွက် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူမှ တစ်အိမ်လျင် ၂၀၀၀ ကျပ် ကောက်ခံနေကြောင်း ရွာသားတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“Mytel တာဝါတိုင်စောင့်ဖို့အတွက်ဆိုပြီး ဒီနေ့အုပ်ကြီးတွေက ပိုက်ဆံလိုက်ကောက်တယ်။ ကျနော်တို့ရွာမှာတော့ ဒီနေ့ လိုက်ကောက်ပြီးကုန်ပြီး။ ရွာမှာက ဒလန်တွေများတယ်။ မပေးရင်လည်း BGF တွေကိုလည်း ကြောက်ရတယ်။ အကုန်ကြောက်ရတော့ ဘာမှမပြောရဲဘူး ပေးလိုက်တာပဲ။ ရွာမှာ ပိုက်ဆံလိုက်ကောက်ပြီးကုန်ပြီး။” ဟု ၎င်းကပြောသည်။
ထို့အပြင် မိမိတို့ကျေးရွာအတွင်းရှိ Mytel ဖုန်းတာဝါတိုင် ဖျက်ဆီးခံရခြင်း မရှိစေရေးအတွက် BGF တပ်ဖွဲ့အပါအဝင် ကျေးရွာရှိလူထုများလည်း တစ်ရက်လျင် (၅) ဦး အလှည့်ကျ ပူးတွဲလုံခြုံရေးယူပေးရမည်ဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါ Mytel လုံခြုံရေးယူပေးရမည့် ကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ဒု-ဥက္ကဌ ဗိုလ်ချုပ် စောဖားနွီး အမိန့်နှင့် BGF (၁၀၁၂) တပ်ရင်းမှ လှကဇိုင်းရွာနေ ဗိုလ်ငြိမ်းမှတဆင့် ကျေးရွာအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကို ပြန်လည်တာဝန်ပေးခြင်းဖြစ်ကြောင်း နယ်မြေခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။
“အစက ရွာကလူတွေပဲ လုံခြုံရေးယူရမယ်။ နောက်တော့ BGF တွေ ပါလာမယ်ပေါ့။ Mytel တာဝါတိုင်ကို ဝိုင်းစောင့်တဲ့အပြင် ကျေးရွာလုံခြုံရေးအတွက်လည်း ဒေသခံတွေက အလှည့်ကျ စောင့်ရအုံးမှာပေါ့နော်။ ဒီနေ့ ပိုက်ဆံကောက်ပြီးပြီ။ ဘယ်နေ့စမလဲတော့ မသိသေးဘူး။ ပြီးတော့ PDF တွေရှိရင်၊ စစ်သင်တန်းတက်တဲ့ ကလေးတွေရှိရင် ပြန်လာရင် သူတို့ BGF ကို သွားအကြောင်းကြားရမယ်လို့ ပြောတယ်။” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း ဖားအံမြို့နယ် ပေါ့ထော်ကျေးရွာမှ Mytel တာဝါတိုင် မီးရှို့ခံရသလို ထိုကိစ္စနှင့်ပတ်သက်၍ ကျေးရွာရှိ လူငယ်၊ လူလတ်ပိုင်းအချို့ ဖမ်းဆီးစစ်ဆေးခံရသဖြင့် ဆက်လက် ဖမ်းဆီးမည်ကို စိုးရိမ်သည့်အတွက် အချို့ရွာသားများမှာ တိမ်းရှောင်ရခြင်းလည်းရှိသည်။







