ထိုင်း-မြန်မာနယ်စပ်စခန်းတစ်ခုဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ်ရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၄ ဦးရှိလာသည်ဟု မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူများထံမှ သိရှိရသည်။
အမည်မဖော်လိုသည့် မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးက “ရောဂါအခံရှိတဲ့ လူကြီးပိုင်းတွေပေါ့။ ကျောက်ကပ်ရောဂါအခံရှိတဲ့သူတွေပေါ့။ ဆုံးသွားတဲ့ ၄ ယောက်ကလည်း သိရသလောက်တော့ ကျောက်ကပ်ရောဂါရှိထားတဲ့ လူတွေပဲပေါ့နော်။ အဲ့မှာ မွတ်စလင်မ်တစ်ယောက်ပါတယ်ပေါ့နော်။ အားလုံးကတော့ မယ်လဒုက္ခသည်စခန်းကပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ ကိုဗစ်ရောဂါ ကူးစက်ခံရသည့် positive လူနာများ၊ အောက်ဆီဂျင်လိုအပ်နေသူများနှင့် အလွန်ဖျားနာသူများကို ၎င်းတို့၏နေအိမ်မှ မယ်လဆေးရုံသို့ ပြောင်းရွှေ့ထားရှိကုသထားရာ စခန်းရှိဆေးရုံတွင် ကိုဗစ်ပိုး ကူးစက်ခံရသူ ၁၀ ဦးခန့်ရှိသည်ဟုလည်း အဆိုပါစခန်းတွင်းနေထိုင်သူက ဆက်ပြောသည်။
မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ် positive လူနာများနှင့်ထိတွေ့ထားသည့် သံသယလူနာပေါင်း ၅၀၀ ဝန်းကျင်ခန့်ရှိပြီး ၎င်းတို့ကို သက်ဆိုင်ရာရပ်ကွက်အလိုက် ဘာသာရေးကျောင်း (ဗလီ)၊ တီဘီကုန်းနှင့် အလယ်တန်းကျောင်းများတွင် အများဆုံးကို သီးခြားနေရာ (ကွာရန်တင်း) ၌ ထားရှိလျက်ရှိသည်ဟု စခန်းတွင်းနေထိုင်သူများက ပြောဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လက မယ်လဒုက္ခသည်စခန်းတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး စက်တင်ဘာလ (၁၁) ရက်နေ့တွင် တစ်ဦး ထပ်မံသေဆုံးခဲ့သည်။
၎င်းအပြင် ကွာရန်တင်းစင်တာ၌ ထားရှိသူများထဲတွင် ကိုဗစ်ပိုး ထပ်မံကူးစက်သည့် လူနာများရှိလာသည်ဟုလည်း အဆိုပါစခန်းတွင်း နေထိုင်သူက ဆက်ပြောသည်။
လတ်တလောတွင် မယ်လစခန်းအတွင်းအပြင် ဝင်/ထွက်သွားလာမှုနှင့် ရပ်ကွက်ကျော်၍ သွားလာမှုကို ကန့်သတ်ထားသည့်အပြင် ပိုးကူးစက်သူ တစ်ဦး သို့မဟုတ် နှစ်ဦး တိုးလာပြီး ကိုဗစ်လူနာများနှင့် ထိတွေ့ထားသူများကို သက်ဆိုင်ရာ ရပ်ကွက်အလိုက်ရှိ ကွာရန်တင်းစင်တာများ၌ ထားရှိသည်ဟု စခန်းတွင်း နေထိုင်သူများထံမှ သိရှိရသည်။







