ရန်ကုန်မြို့၊ ဆန်ကုန်စည်ဒိုင်တွင် စက်တင်ဘာ ၁၃ ရက်နေ့က လက်နက်ကိုင်လုံခြုံရေး ရဲအစောင့်အရှောက် ၁၀ ဦးခန့်ဖြင့် ဆန်များ လာရောက် ရောင်းချခဲ့ကြောင်း ဝါးတန်းကုန်စည်ဒိုင်က ဆန်ရောင်းဝယ်သူများက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က D-Day ကြေညာခဲ့ပြီးနောက် ပြည်တွင်း ဆန်အချောဈေးနှုန်းက တစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့် တက်လာသဖြင့် ဆန်ဈေးကို ထိန်းသည့်သဘောဖြင့် ဒိုင်တွင် လက်လီလာရောင်းပေးခြင်းဖြစ်နိုင်ကြောင်း ဆန်လာရောက်ရောင်းဝယ်သူတစ်ဦးက ပြောသည်။
“ဒိုင်မှာ လက်လီရောင်းတဲ့ သဘောမျိုးပေါ့။ ဒိုင်မှာ လက်လီလည်းရောင်းမယ်။ လက်ကားလည်းရောင်းမယ်ပေါ့။ ဒိုင်ရဲ့တစ်နေရာမှာ နေရာယူပြီး လာရောင်းတာ” ဟု ၎င်းကပြောသည်။
ဝါးတန်းဆိပ်ကမ်း ဆန်ကုန်စည်ဒိုင်သည် မြန်မာနိုင်ငံ၏ အဓိက ဆန်လက်ကားဈေးကွက်ဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသက ဆန်များ၊ ပဲခူးတိုင်းအရှေ့နှင့် အနောက်ဘက်က ဆန်များ၊ စစ်ကိုင်းတိုင်း ရွှေဘိုဒေသက ဆန်များကို ပြည်တွင်းဈေးကွက်အတွက်အပြင် ပြည်ပဈေးကွက်အတွက်ပါ ဆန်အိတ်ရာနှင့်ချီကာ လက်ကားရောင်းချနေသည့် နေရာဖြစ်သည်။
စစ်တပ်အာဏာမသိမ်းခင်က တာဝန်ယူခဲ့သည့် ကုန်စည်ဒိုင်၏ ဥက္ကဋ္ဌသည် နှုတ်ထွက်သွားပြီး ယခုလာရောက်ရောင်းချနေသူမှာ နဝတ၊ နအဖ ခေတ်က ဒိုင်၏ ဥက္ကဋ္ဌလုပ်သူ ဦးအောင်သန်းဦးဖြစ်သည်ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။
ဦးအောင်သန်းဦးသည် ဆန်စပါးကုန်သည်အသင်းတွင် ဥက္ကဋ္ဌလည်းလုပ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမတ်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ခဲ့သူလည်း ဖြစ်သည်။
နဝတ၊ နအဖခေတ်ကတည်းက ဆန်းဈေးတက်လျှင် ဆန်ကုန်သည်ကြီးများကို ပြန်ပေးဆွဲသကဲ့သို့ ဖမ်းဆီးပြီး ဆန်ဈေးကျအောင် လုပ်ခဲ့ဖူးကြောင်း ယခုဧရာဝတီတိုင်းမှ အသက် ၆၀ ကျော်အရွယ် ဆန်ကုန်သည်တစ်ဦးက ပြောသည်။
ဆန်အဝင်နည်း၍သာ ဆန်ချောတစ်အိတ်အား ကျပ် ၂၀၀၀ ခန့်သာ တက်သေးခြင်းဖြစ်သည်ဟု အထက်ပါ ဆန်ကုန်သည်က ပြောသည်။
ထို့အပြင် ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်တွင် နှစ်ပေါင်း ၄၀ ကျော်ခန့် အရောင်းအဝယ်လုပ်နေသူ တစ်ဦးကလည်း “ရောင်းတာကတော့ ရောင်းလို့ရပါတယ်။ ဒါပေမယ့် ရဲတွေပါခေါ်လာပြီး သေနတ်တွေတကားကားနဲ့ဆိုတော့ ဒိုင်ကလူတွေကို ကြောက်စေချင်တာလား ဘယ်လိုသဘောလဲပေါ့။ အမြင်မကြည်စရာဖြစ်တာပေါ့” ဟု ပြောသည်။
ယခုလာရောက်ရောင်းချခဲ့သည် ဆန်များသည် အရံဆန်အဖြစ် သိုလှောင်ထားသည့် ဆန်ကြမ်းများသာမကဘဲ ဆန်ချောဖြစ်သည့် ရွှေဘိုပေါ်ဆန်းများလည်းပါပြီး အကြမ်းတအိတ်လျှင် ၂၃၅၀၀ ကျပ်ရှိသည်ဟု ဆန်ကုန်များက ဆိုသည်။
ဝါးတန်းကုန်စည်ဒိုင် ဆန်ရောင်းဝယ်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လာရောင်းခဲ့သည့် ဆန်များမှာ ဆန်ကွဲရောထားသည့် ဆန်အကြမ်းများလည်းပါသည်ဟု အသက် ၄၅ နှစ်ခန့်ရှိသူ ဆန်ပွဲစားတစ်ဦးက ပြောသည်။
ကုန်စည်ဒိုင်သို့ လာရောက်ရောင်းချသည့်ဆန်မှာ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၅၄၀၀၀ ကျပ်၊ ပေါ်ကျွဲတစ်အိတ်လျှင် ၄၀၅၀၀ ကျပ်၊ ဆန်ကြမ်းတစ်အိတ်လျှင် ၂၃၅၀၀ ကျပ်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။
အဆိုပါ ဆန်စျေးများသည် ဒိုင်ပေါက်ဈေးအတိုင်းသာဖြစ်သည်ဟု ဆန်ကုန်သည်များက ဆိုသည်။







