ကိုဗစ်ကပ်ရောဂါနှင့် လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် စားဝတ်နေရေးခက်ခဲလာသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေ အခြေခံလူတန်းစားများအတွက် ဧရာဝတီကရင်လူငယ်များက အခြေခံစားသောက်ကုန်များနှင့် ကိုဗစ် အကာအကွယ်ပစ္စည်းများ လိုက်လံလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
လက်ရှိ အထွေထွေအကျပ်အတည်းကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံ လက်လုပ်လက်စားများနှင့် နေ့စားအလုပ်သမားများ စားဝတ်နေရေး ခက်ခဲလာသည့်အတွက် ဒေသခံကရင်လူငယ်များက ဦးဆောင်ကာ အလှူရှင်များ၏ အကူအညီဖြင့် ယခုလို တနိုင်တပိုင် လိုက်လံလှူဒါန်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု တာဝန်ခံ လူငယ်တစ်ဦးက ပြောသည်။
“အခုဒီမှာ လယ်စိုက်ပြီးချိန်ဆိုတော့ ဘာအလုပ်မှ မရှိကြဘူး။ ငါးရှာ၊ ဖားရှာတာကလည်း ဘာမှမရဘူးလေ။ နေ့စား လပေး အလုပ်ကလည်း သွားလုပ်လို့ မရကြဘူး။ လက်ရှိအခြေအနေက တစ်ရက်တစ်ရက်စားဖို့အတွက် တော်တော်လေး ရုန်းကန်နေကြရတယ်။ ကိုယ့်ရွာထဲမှာရှိတဲ့ နည်းနည်း ပြေလည်တဲ့သူတွေဆီမှာ ချေးပြီး ငွေတိုးပေးပြီးတော့မှ ဆန်တွေ ဝယ်စားနေကြရတယ်။ အဲ့လူတွေကို အဓိက လိုက်လှူပေးနေတာပါ” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ လှူဒါန်းမှုကို ပြီးခဲ့သည့် ဩဂုတ်လမှစ၍ စက်တင်ဘာလလယ်ပိုင်းထိ ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင် ၃ ခုရှိ ၈ မြို့နယ်အတွင်းမှ အမှန်တကယ် ခက်ခဲနေသည့် အိမ်ထောင်စုများကို ရွေးချယ်၍ ကျပ်သိန်း ၅၀ ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်ဥနှင့် အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလလူပုဂ္ဂိုလ်များ၏ သီးခြား ကိုဗစ်ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း လူငယ်များထံမှ သိရသည်။

ထိုသို့ ကွင်းဆင်းလှူဒါန်းမှု ပြုလုပ်ရာတွင် လုံခြုံရေးအရ သွားလာရေးခက်ခဲခြင်းနှင့် အာဏာပိုင်များ၏ ဟန့်တားခံရသည့် စိန်ခေါ်မှုများကိုလည်း ကြုံတွေ့ကြရကြောင်း ကွင်းဆင်းလှူဒါန်းမှုတွင် ပါဝင်သူ လူငယ်တဦးက ပြောသည်။
“လက်ရှိကာလမှာ စစ်ကောင်စီက တွေ့သမျှ လူငယ်တွေကို သံသယနဲ့ လိုက်ဖမ်းတာတွေ လုပ်နေတာကတစ်ကြောင်း၊ ပြီးတော့ ဩဂုတ်လကုန်တုန်းကဆို ညောင်တုန်းမှာ လှူဖို့လုပ်တော့ အာဏာပိုင်တွေက လာကန့်ကွက်တယ်။ မလုပ်ဖို့ မလှူဖို့ပေါ့။ လှူမယ်ဆိုလည်း သူတို့ကို လာပြောဖို့ သူတို့လည်း လိုက်မယ်ဆိုပြီး ဟန့်တားတာမျိုး ကြုံရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါလှူဒါန်းမှုများကို မြို့နယ် ၂၆ မြို့နယ်အတွင်း ဆက်လက်လုပ်ဆောင်သွားရန် အစီအစဉ်ရှိနေပြီး ၎င်းအတွက် ဒေသအသီးသီးရှိ အလှူရှင်တို့မှ လှူဒါန်းမှုများ လိုအပ်နေကြောင်း၊ ကိုဗစ် ကာကွယ်ရေးပစ္စည်းများလည်း ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း ဧရာဝတီ ကရင်လူငယ်များထံမှ သိရသည်။
အလားတူ မြို့နယ်အချို့တွင် စီးပွားရေးလုပ်ငန်းရှင်တချို့၏ တစ်ဦးပုဂ္ဂလ လှူဒါန်းမှုများဖြင့်လည်း ကျေးလက်ဒေသတချို့တွင် ဒေသတွင်း လူငယ်များ ဦးဆောင်၍ တစ်ပိုင်တစ်နိုင် လိုက်လံလှူဒါန်းနေကြောင်း ဒေသခံများထံမှ သိရသည်။







