ပူတာအိုတွင် ရှီးပဒီးများ ရှားပါးလာ

ပူတာအိုတွင် ရှီးပဒီးများ ရှားပါးလာ

ကချင်ပြည်နယ် မြောက်ဖျားပိုင်းတွင် ဆေးဘက်ဝင် ရှီးပဒီး (ပိုးနွယ်ကောင်) အပင်များ ယခုနှစ်တွင် သိသိသာသာ ရှားပါးလာသည်ဟု ဒေသခံများက ပြောသည်။

ပူတာအိုမြို့ ရေခဲတောင်များပေါ်တွင် ယခင်နှစ်များက ရှီးပဒီး ၂၈ ပိသာခန့် ထွက်သည့်နေရာတွင် ယခုနှစ် အကြိမ်ကြိမ်သွားရောက်ရှာဖွေသော်လည်း ၅ ပိဿာခန့်သာရကြောင်း ရှီးပဒီးရှာဖွေသည့် အတွေ့အကြုံ နှစ်ပေါင်း ၂၀ ကျော်ရှိ ကိုရမ်ဆိန်းက ပြောသည်။

အထူးသဖြင့် ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရအောင် အဆုတ်အားကောင်းရန် လိုအပ်သည်ဟုဆိုကာ ရှီးပတီးပိုးနွယ်ကောင်များကို ဆေးဝါးအဖြစ် ပိုမိုမှီဝဲလာကြကြောင်း ဒေသခံများက ပြောသည်။

ရှီးပဒီးအကောင်တွေ့လျှင် မျိုးဆက်မပြတ်အောင် နှုတ်ယူသင့်ပြီး ပေါက်ပြားနှင့်ခုတ်ယူခြင်းမျိုး၊ ဂေါ်ပြားဖြင့် တူးခြင်းမျိုးများလုပ်ပါက မျိူးဥများပျက်ဆီးပြီး နောက်နှစ်များတွင် ပြန်မပေါက်နိုင်တော့ကြောင်း ကိုရမ်ဆိန်းက ပြောသည်။

"ရှီးပဒီးအကောင်ပေါက်တဲ့ နေရာတစ်ဝိုက်မှာ မြေကြီးကို ဂေါ်ပြားနဲ့တူးပြီးမှ ရှာဖွေတော့ မျိုးဥတွေ မျိုးဆက်တွေ ပျက်စီးသွားတာမျိုးက အဓိကဖြစ်တယ်။ အဲ့လိုမျိုး စည်းကမ်းမဲ့ ရှာဖွေကြလို့ မျိုးတုန်းလုနီးပါးဖြစ်လာပြီ" ဟု ပြောသည်။

ရှီးပဒီးအကောင်များကို မေလ တတိယအပတ်မှ စတင်ရှာဖွေနိုင်ပြီး ဇွန်လကုန်အထိ ရှာဖွေနိုင်ကြောင်း ရှာဖွေသူများက ပြောသည်။

ပူတာအိုမှာ ရှီးပဒီးရွှေရောင်အသေးတစ်ကောင်လျှင် ငွေကျပ် ၅၀၀၀၊ မြစ်ကြီးနားမှာ ကျပ် ၆၀၀၀ မှ ၁၀၀၀၀ ကြား စျေးရပြီး၊ ရှီးပဒီးအကောင်ကို ကြက်သားဖြင့် ပေါင်းစားကြသည့်အပြင် အရက်၊ ပျားရည်များဖြင့် စိမ်သောက်လျှင် အသက်ရှည်၊ အားအင်ဖြစ်စေသည်ဟု ယုံကြည်ကြသည်။

ပူတာအိုဒေသရှိ တိုင်းရင်းသားများသည် အသက်မွေးဝမ်းကြောင်းအဖြစ် အမဲလိုက်ခြင်း၊ ရေခဲတောင်ပေါ်သို့ လမ်းပြအဌားလိုက်ခြင်း၊ ရှီးပဒီးနှင့် အခြားဆေးဖက်ဝင်ဆေးမြစ်များ၊ သစ်ခွပန်းပင်၊ ပျားရည်များ ရှာဖွေခြင်းတို့ကို ပြုလုပ်ကြပြီး လယ်ယာစိုက်ပျိုးလုပ်ငန်း လုပ်ကိုင်သူများလည်းရှိကြသည်။

ပိုးနွယ်ရှင် (ခေါ်)  ရှီးပဒီးဖြစ်လာမည့် သန္ဓေသားလောင်း ပိုးဥကောင်လေးများသည် ဆောင်းရာသီ ရေခဲချိန် မြေကြီးထဲ၌ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ်များကို စားသုံးကာ ဆောင်းခိုနေခဲ့ကြကြောင်း ဆောင်းခိုနေချိန်တွင် ပိုးလောင်းကောင်လေးများသည် မြေကြီးအောက်မှာ ကပ်ပါးမှိုတစ်မျိုး၏ တွယ်ကပ်ငြိတွယ်ခြင်းခံရပြီး ၎င်းကပ်ပါးမှိုက ပိုးလောင်းကောင်လေးများကို ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။

နွေရာသီရောက်ချိန်မှာ ပိုးလောင်းကောင်လေးများ၏ ဦးခေါင်းပေါ်မှ မြက်ပင်နှင့်ဆင်သည့် ဦးချိုကဲ့သို့သော အညှောင့်လေ ထွက်လာသည်။

ယင်းအညှောင့်လေးသည် ၅ စင်တီမီတာမှ ၁၅ စင်တီမီတာအထိ ရှည်တတ်ပြီး ဒေသခံများ၏အဆိုအရ ယင်းအချိန်သည် ပိုးကောင်ဘဝမှ နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်ကြောင်း သိရသည်။

ပူတာအိုဒေသတွင် ရှီးပဒီအပင်အပြင် ဆီးပဒီအပင်လည်းရှိသည်။ ဆီးပဒီအပင်သည် မြေအောက်မှထွက်သည့် ပိုးကောင်မဟုတ်ပဲ သစ်ပင်များထဲမှထွက်လာသည့် ပိုးကောင်ဖြစ်ပြီး ရှီးပဒီအပင်ထက် ကြီးသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...