ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာအချို့တွင် အာဏာသိမ်းစစ်ကောင်စီက ကျေးရွာတစ်ရွာလျှင် လူ ၃၀ တောင်းပြီး လူအင်အား စုဆောင်းနေသည်ဟု သိရသည်။
စက်တင်ဘာလဆန်းပိုင်းကစတင်၍ ရပ်ကွက်/ကျေးရွာ အုပ်စုတစ်ခုလျှင် လူအင်အား ၃၀ ဦးထက်မနည်း ရှာဖွေပေးရန်၊ အထူးသဖြင့် လူငယ်လူလတ်များကို စုဆောင်းပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စေခိုင်းထားကြောင်း ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့က ပြောသည်။
"အရင်ကတော့ စစ်တပ်က ဆရာကြီးတွေက စစ်ထဲဝင်ဖို့ လူလာစုဆောင်းတာမျိုး ပုံမှန်ရှိပါတယ်။ အခု စုဆောင်းတာက မဖြစ်မနေ အလျင်စလို အပူတပြင်းနဲ့ စုဆောင်းတာမျိုးပါ” ဟု မြောင်းမြဒေသခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုင်းအတွင်းရှိ မြို့နယ်အားလုံးနီးပါးက ရပ်ကွက်/ကျေးရွာများတွင် လူစုဆောင်းမှုစတင်သည့် နေ့ရက်မတူကြကြောင်း မအူပင်ခရိုင်တွင် ဇူလိုင်လဆန်းကပင် စုဆောင်းနေခြင်းဖြစ်ကြောင်း မအူပင်ဒေသခံအချို့က ပြောသည်။
ထိုသို့ စစ်ကောင်စီက လူစုဆောင်းနေသော်လည်း မရရှိသဖြင့် လမ်းပေါ်လေလွင့်နေသည့် အရွယ်မရောက်သေးသည့် လူငယ်လေးများကို နည်းအမျိုးမျိုးဖြင့် စုဆောင်းနေသည်ဟု ဒေသခံအချို့က ပြောသည်။
ပုသိမ်ဒေသခံ ဦးဝင်းမောင်က "လူငယ်တွေတင်မကဘူး သန်စွမ်းတဲ့ လူလတ်ပိုင်းကိုလည်း စုပေးခိုင်းတော့ ပေါ်တာအတွက်လည်း ဖြစ်နိုင်တယ်။ ဘုမသိဘမသိတဲ့ စာမတတ် လေလွင့်လူငယ်လေးတွေကိုတော့ စစ်သားလုပ်ခိုင်းနိုင်တယ်" ဟု ပြောသည်။
ရေကြည်၊ မအူပင်နှင့် ဖျာပုံမြို့နယ်တို့တွင် ဒလန်ဟု အမည်ထွက်နေသူ လူလတ်ပိုင်းအချို့က စုဆောင်းသူထံ ဒေသအတွင်းက လူငယ်၊ လူလတ်ပိုင်း စာရင်းပေးသွင်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသူ သတင်းပေး (ဒလန်) များရှိနေသည့်အတွက် ဒေသအတွင်း လုံခြုံမှုမရှိသည့်အနေအထားမျိုး ဖြစ်နေရသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်းတွင် မြို့ပေါင်း ၃၆ မြို့ရှိကာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၀၀၀ နီးပါးရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှတ်တမ်းများအရ သိရသည်။







