အမျိုးသား ညီညွတ်ရေးအစိုးရ NUG က နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီးနောက် မွန်ပြည်နယ်တဝန်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေး ပိုမိုတိုးမြှင့် လုပ်ဆောင်လာပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လုံခြုံရေး တိုးမြှင့်ထားမှုအခြေအနေနဲ့ ထူးခြားဖြစ်စဉ်တွေ သံလွင်တိုင်းမ်က စုစည်းဖော်ပြပေးလိုက်ပါတယ်။
မော်လမြိုင်မြို့နယ်
မွန်ပြည်နယ်၊ မော်လမြိုင်မှာတော့ အာဏာသိမ်းစစ်ကောင်စီတွေဟာ မြို့ဝင်မြို့ထွက်တွေမှာ လုံခြုံရေး ပိုမိုတိုးမြှင့်ထားပါတယ်။
မြို့ဝင် သံလွင်တံတား (မော်လမြိုင်)၊ အတ္တရံတံတား (ဂျိုင်း)၊ ခြောက်မိုင်ထိပ်၊ ကျိုက်ခမီလမ်း (မြို့ထွက်) ဂိတ်တွေမှာ လုံခြုံရေးတိုးမြှင့်ထားပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးနေပါတယ်။
ပိတ်ဆို့ရှာဖွေစစ်ဆေးရာမှာ မသင်္ကာတဲ့ ခရီးသွားပြည်သူတွေကို Mask ချွတ်ခိုင်းပြီး စစ်ဆေးတာတွေပါ လုပ်ဆောင်လာပါတယ်။
မြို့ပေါ်ရပ်ကွက်နေရာအများစုမှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေကို အရပ်ဝတ်၊ အိမ်စီးကားအပြင် အသွင်မျိုးစုံယူပြီး နေရာအနှံ့ ဖြန့်ကြပ်ထားပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ ဘန်ကာတွေ၊ သဲအိတ်တွေ၊ ကတုတ်ကျင်းတွေတူးပြီး အကာအကွယ်တွေ အပြည့်ချထားပါတယ်။
ဒါအပြင် မနက်၊ နေ့လယ်ပိုင်းမှာ အိမ်စီးကားတွေသုံးပြီး အရပ်ဝတ်နဲ့ လှည့်ကင်း၊ ပတ်ကင်းတွေ လုပ်ဆောင်နေသလို ညပိုင်းမှာတော့ မြို့ရပ်ကွက်နေရာအချို့မှာ ၅ ယောက်အဖွဲ့နှုန်းနဲ့ ကင်းပုန်းချထားတယ်လို့ ရဲတပ်ဖွဲနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျိုက်ထိုမြို့နယ်
ကျိုက်ထိုမြို့နယ် အတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ဆေးရေး ဂိတ်တွေမှာ လုံခြုံရေး အင်အားတိုးမြှင့်ထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အပြင် အင်အားအများအပြား လှည့်လည်နေတာတွေလည်း ပြုလုပ်နေတယ်လို မြိုခံတွေက ပြောပါတယ်။
“မြို့ထဲက အဝင်/အထွက် ဂိတ်တွေမှာတော့ လုံခြုံရေးတွေ အင်းအား တိုးပြီးတော့ သူတို့တွေ စစ်ဆေးတာတွေ လုပ်နေတာပေါ့၊ နောက်ပြီး အင်းအားအများအပြားသုံးပြီးတော့လည်း တစ်နေကုန် လှည့်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်မှာလည်း မော်လမြိုင်နည်းတူ အရပ်ဝတ်နဲ့ လှည့်လည်စစ်ဆေးနေသလို အသွင်ယူစုံစမ်းတာတွေ လုပ်ဆောင်နေပါတယ်။
ဘီးလင်းမြို့နယ်
ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်က စစ်ကားတွေနဲ့ မြို့တွင်းလှည့်လည်မှုတွေ လုပ်ဆောင်နေပေမယ့် ပိတ်ဆို့ရှာဖွေစစ်ဆေးမှု နည်းပါးပါတယ်။
ဒါပေမယ့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာတွေကို သွားတဲ့လမ်းတွေမှာတော့ စစ်ဆေးမှုတွေရှိကြောင်းနဲ့ တောင်စွန်းတောင်ပေါ်တွေမှာတော့ စစ်ကောင်စီ တပ်သားတချို့ နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့က ပြည်သူ့အစိုးရကြေညာပြီး နောက်ပိုင်း စစ်ကားနဲ့ လှည့်တာတွေရှိတယ်၊ အိမ်စီးကားနဲ့ လှည့်တာလည်းရှိတယ်၊ ဘီးလင်းထဲက တချို့ရွာဘက်တွေမှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ အဲ့ဒီဘက် သွားတဲ့လမ်းတွေမှာ သူတို့တွေ လိုက်စစ်နေတာပေါ့၊ မနက်အစောပိုင်း လောက်ကတောင် အမြောက်တပ်ဘက်က လက်နက်ကြီး အသံတွေ ကြားနေရတယ်၊ နောက်ပြီး တောင်စွန်းတောင်ပေါ်မှာ တပ်ကကောင်တွေ နေရာယူထားတာ တွေ့ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သထုံမြို့နယ်
သထုံမြို့နယ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေး တိုးမြှင့်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို ကင်းပုန်းချတာတွေ လှည့်ကင်း၊ပတ်ကင်းနဲ့ စစ်ဆေးတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ဒါအပြင် သထုံမြို့ပေါ်ရက်ကွက်နေရာအချို့မှာ အရပ်ဝတ်နဲ့ အသွင်ယူစုံစမ်းတာတွေ လုပ်နေတာပါ။
“အရင်က လှည့်ကင်း လှည့်တယ်ဆိုတာ ဆန္ဒပြတုန်းကလောက်ပဲ ရှိတာပေါ့၊ နောက်ပိုင်း သိပ်မလှည့်တော့ဘူး၊ အခုက မနေ့တုန်းက NUGက ကြေညာပြီး နောက်ပိုင်း လှည့်ကင်း လှည့်တာတွေ ပြန်တွေ့ လာရတာပေါ့၊ နောက် တချို့နေရာတွေမှာ ကင်းပုန်းချတာလည်း တွေ့ရတယ်၊ အရပ်ဝတ် တွေနဲ့ သွားလာနေတာလည်း တွေ့နေရတာပေါ့၊ နောက်ပြီး မြို့အဝင်/အထွက်တွေမှာ အစစ်အဆေးတွေလည်း များလာတယ်” လို့ သထုံ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါင်မြို့နယ်
ပေါင်မြို့နယ်မှာ NUG အစိုးရက အရေးပေါ် ကြေညာပြီးနောက်ပိုင်း ကျေးရွာတချို့မှာ စားသောက်ကုန်ပစ္စည်းတွေ ဝယ်ယူစုဆောင်းမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီက လိုက်လံ ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းအမှားကြောင့် နေအိမ်တွေကို တံခါးပိတ်နေနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဟိုရွာက သူတွေပြောတော့ ဒီရွာမှာ ဆွဲနေတယ်၊ ဒီရွာ ပြောပြန်လဲ ဟိုမှာ ပေါ်တာဆွဲနေတယ်နဲ့ ညပိုင်းရောက်တော့ ဘယ်သူကမှလည်း အပြင်မထွက်ရဲတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါင်မြို့နယ်အတွင်းမှာတော့ လုံခြုံရေး ပိုမိုတင်းကြပ်ထားသလို အရပ်ဝတ်တွေနဲ့ ထောက်လှမ်းတာတွေတော့ ခါတိုင်းထက် ပိုများလာတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
ချောင်းဆုံမြို့နယ်
ချောင်းဆုံမြို့နယ်မှာ ပိတ်ဆို့စစ်ဆေးတာတွေ အရင်ကထက် ပိုများလာပြီး တင်းကြပ်လာတယ်လို့ ချောင်းဆုံမြို့နယ် ဒေသခံတွေက ပြောပါတယ်။
“တစ်ကျွန်းလုံးပဲ ခုနောက်ပိုင်းစစ်နေတာ အဖမ်းအဆီးကလည်း ပိုများလာတယ်၊ အခုက ဘာလုပ်လုပ် သတိထားနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ချောင်းဆုံမြို့နယ်ကို မနက် ၁၀ နာရီကနေ့ နောက်နေ့ မနက် ၆ နာရီအထိ အပြင်ထွက်ခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားပါတယ်။
ဒါအပြင် ချောင်ဆုံးမြို့နယ် ကမ်းပတ်လည်မှာ ရေကြောင်းတပ်က တစ်ရက် ၃ ကြိမ်ထက်မနည်း ကင်းလှည်နေသလို မြို့ပေါ်ကတပ်နဲ့ ရဲစခန်းတွေမှာ အရင်ထက် အကာအကွယ်တွေ ပိုမိုပြုလုပ်ထားပါတယ်။
ကျိုက်မရောမြို့နယ်
ကျိုက်မရောမြို့နယ်မှာတော့ မြို့ဝင်/မြို့ထွက်တွေမှာ စစ်ဆေးမှု ပိုမိုလုပ်ဆောင်လာသလို အရပ်ဝတ်နဲ့လှည့်တာ လုံခြုံရေးတိုးမြှင့်ချထားမှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က ကျိုက်မရောအဝင် ထန်းပင်တန်းမှာပိတ်ပြီး စစ်တာတွေရှိတာပေါ့၊ နောက်ပြီး ကျွန်းရွာဘက်က ဝင်တဲ့လမ်းတွေမှာလည်း စစ်နေတာတွေ ရှိတယ်၊ နောက် စံပယ်ဂူတံတားမှာလည်း လိုင်စင်စစ်သလို အတားအဆီးတွေချပြီး စစ်နေတယ်၊ မနေ့ကလည်း ကျောင်းအနားမှာ အသံဗုံး ပေါက်ထားတယ်ဆိုတော့ ဒီနေ့ အရင်ကထက် တင်းတင်း ကြပ်ကြပ် စစ်တာတွေ့ရတယ်၊ သူတို့တွေ အရပ်ဝတ်နဲ့ သွားနေတာလည်း တွေ့နေရတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မုဒုံမြို့နယ်
မုဒုံမြို့နယ် မှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အင်အား အများအပြား သုံးကာ လှည့်လည်တာတွေ ပြုလုပ်နေသလို မြို့ဝင်မြို့ထွက် တွေမှာ ဆိုရင်လည်း လုံခြုံရေး တင်းကြပ်ကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြို့ထဲမှာ မနေ့ညပိုင်းက အင်အား အများအပြားနဲ့ သူတို့ လှည့်လည်နေတာတော့ တွေ့နေရတယ်၊ ဒီနေ့မနက်ပိုင်းမှာလည်း မြို့ဝင်/မြို့ထွက်နေရာတွေမှာ လုံခြုံရေးကို ပိုမိုတင်းကြပ်ထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သံဖြူဇရပ်မြို့နယ်
သံဖြူဇရပ်မြို့နယ်မှာတော့ လုံခြုံရေး ပိုမိုတင်းကြပ်ထားသလို အင်အားအများသုံးကာ လှည့်လည်တာတွေ အရပ်ဝတ်ဖြင့် စုံစမ်းတာတွေအပြင် ကင်းပုန်းချထားတာတွေကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြို့ထဲမှာတော့ စစ်သားတွေရော ရဲတွေရော မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ ခါတိုင်းထက်ကို အင်အားအများအပြား တွေ့နေရတာပေါ့၊ မနေ ညပိုင်းကလည်း ကား (၁၀) စီးခန့်နဲ့ လှည့်နေတယ်၊ နောက်ပြီး အရပ်ဝတ်တွေနဲ့ လိုက်မေးနေတယ်၊ တချို့ မထင်မှတ်တဲ့နေရာတွေမှာလည်း ကင်းပုန်းဝတ်တွေ ရှိနေတာကို တွေ့ရတာပေါ့ဗျာ” လို့ မြိုခံတစ်ဦးက ဆိုပါတယ်။
ရေးမြို့နယ်
ရေးမြို့နယ်ရှိ လမ်းတွေမှာ စစ်ကောင်စီလက်အောက်ခံ တပ်နဲ့ရဲတွေက ပိတ်ဆို့စစ်ဆေးတာတွေ ပိုတိုးပြီးလုပ်ဆောင်လာတာကြောင့် ခြံထဲ အလုပ်သွားလုပ်တဲ့သူတွေအနေဖြင့် အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက ဘယ်သူမှ ခြံထဲသွားမရဘူး၊ လမ်းပိတ်ပြီး စစ်နေတာ စစ်ဆေးရေးတွေလည်း ပိုများလာတယ်” လို့ ရေးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏသိမ်းစစ်ကောင်စီဟာ NUG အစိုးရ တိုက်ပွဲစတင်ကြောင်း ကြေညာပြီးနောက် ပုံစံမျိုးသုံးပြီး စစ်ဆေးနေသလို အချိန်ပြည့် လုံခြုံရေးတင်းကြပ်လာပါတယ်။
ဒါအပြင် အာဏာသိမ်း စစ်ကောင်စီဘက်တော့ သူတို့တပ်ဖွဲ့တွေကို တိုက်ပွဲအတွက် အချိန်ပြည့် အသင့်ပြင်ထားဖို့ ညွှန်ကြားထားပါတယ်။







