အမ်းတွင် ဆရာတော်ဦးဥတ္တမရုပ်ထုရှေ့၌ ဂါရဝပြုပူဇော်ထားသည့်ပန်းခွေများ ရုပ်သိမ်းခံရ

အမ်းတွင် ဆရာတော်ဦးဥတ္တမရုပ်ထုရှေ့၌ ဂါရဝပြုပူဇော်ထားသည့်ပန်းခွေများ ရုပ်သိမ်းခံရ

ယနေ့စက်တင်ဘာ ၉ ရက်နေ့တွင်ကျရောက်သည့် (၈၂) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် အမ်းမြို့ရှိ ဆရာတော်ရုပ်ထုရှေ့တွင် ဒေသခံများမှ ဂါရဝပြုပူဇော်ထားသည့် ပန်းခွေများ ရုပ်သိမ်းခံလိုက်ရကြောင်း သိရသည်။

အမ်းလူငယ်မျိုးဆက်သစ်ကွန်ယက်အဖွဲ့မှ ဦးဆောင်ကာ နံနက် ၇ နာရီခန့်က ဆရာတော်၏ရုပ်ထုရှေ့၌ ပန်းခွေချဂါရဝပြုခဲ့ပြီး ၉ နာရီခန့်တွင် ပန်းခွေများရုပ်သိမ်းခံလိုက်ရခြင်းဖြစ်သည်ဟု အမ်းမျိုးဆက်သစ်ကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက DMG ကို ပြောသည်။

“ပန်းခွေချနေတဲ့အချိန်ကတည်းက စစ်သားတွေ၊ ရဲတွေရှိတယ်။သူတို့က ပန်းခွေချဖို့တော့ခွင့်ပြုတယ်။ ဆူဆူပူပူမလုပ်ကြဖို့ ကျနော်တို့ကိုပြောလိုက်တယ်။ ကျနော်တို့ပြန်လာပြီး နာရီဝက်လောက်အကြာမှာပဲ အဲဒီပန်းခွေကိုရုပ်သိမ်းလိုက်တယ်။ ရဲတာဝန်ရှိသူ တစ်ဦးကိုမေးကြည့်လိုက်တော့ သူတို့လည်းမသိမ်းဘူးလို့ပြောပါတယ်။ ဘယ်သူတွေက ရုပ်သိမ်းလိုက်တယ်ဆိုတာလည်း ကျနော်တို့အနေနဲ့မသိဘူး” ဟု ဆိုသည်။

ဆရာတော်ရုပ်ထုရှိရာ ပန်းခြံအနီးတဝိုင်းတွင် ရဲတပ်ဖွဲ့ဝင်အပါအဝင် စစ်သားအင်အား ၃၀ ခန့်က လုံခြုံရေးယူထားကြောင်း သိရသည်။

ယခုကဲ့သို့ လွတ်လပ်ရေးမီးရှူးတန်ဆောင်ဖြစ်သည့် ဆရာတော် သျှင်ဦးဥတ္တမအားပူဇော်ထားသည့် ပန်းခွေများကိုရုပ်သိမ်းလိုက်သည့်အပေါ် စိတ်မကောင်းဖြစ်မိသည်ဟု အမ်းဒေသခံ ဦးစိုးသိန်းကပြောသည်။

“ဒါက နေ့တိုင်းလုပ်နေရတာလည်းမဟုတ်ဘူး။ တစ်နှစ်မှာမှ တစ်ကြိမ်တည်း အလေးပြု၊ ဂုဏ်ပြု၊ ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ လွမ်းသူ့ပန်းခွေ လုပ်ရတာဖြစ်တယ်။ အဲဒီနေ့မှာတောင်မှ ပန်းခွေကိုရုပ်သိမ်းခံရတဲ့အပေါ်မှာတော့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်" ဟု ၎င်းကပြောသည်။

အမ်းမြို့တွင် ဆရာတော်ဦးဥတ္တမနေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုရာ၌ လူစုလူဝေးဖြင့်ပြုလုပ်ခြင်းမဟုတ်ပဲ ကိုဗစ်စည်းကမ်းချက်နှင့်အညီပြုလုပ်ခြင်းသာဖြစ်ကြောင်း သွားရောက်ခဲ့သူများကပြောသည်။

ယနေ့စက်တင်ဘာ ၉ ရက်နေ့တွင်ကျရောက်သည့် ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူခြင်း (၈၂) နှစ်မြောက်အဖြစ် ဆရာတော်အားဂါရဝပြုပူဇော်ခြင်းများကို ရခိုင်မှ မြို့နယ်တိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...
August 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများအတွင်း သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့် လူသတ်မှုနှင့်...