ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ ကျေးရွာများတွင် နေထိုင်လျှက်ရှိကြသည့် ဒေသခံရွာသူရွာသားများအတွက် ကိုဗစ်ကူးစက်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေသေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်အရ သိရသည်။
ကျိုက်ဒုံမြို့နယ်ခွဲရှိ ပူရေ၊ တောရကျောင်း၊ မိတန်၊ ကော်သနောက်၊ ကွင်းကလေးနှင့် ကျိတ် စသည့်ကျေးရွာတွင် အနံ့၊ အရသာပျောက်နေကြသူများနှင့် ဖျားနာကိုက်ခဲ စသည့်လက္ခဏာများ ခံစားရသလို မိမိနည်းလမ်းဖြင့်သာ ကုသနေကြရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
၎င်းက "ရွာမှာဆိုရင် တစ်ရွာလုံးနီးပါးပဲ နေမကောင်းဖြစ်နေကြတယ်။ တချို့ကလည်း အနံ့ပျောက်တယ်။ တချို့ကလည်း အရသာပျောက်တယ်။ ဖျားတာတွေ နာကျင်ကိုက်ခဲတာတွေရှိတယ်။ စစ်ဆေးတာတွေလည်း မရှိဘူးပေါ့နော်။ တချို့ကလည်း ဗိန္ဓောဆေးတွေနဲ့ကုတယ်။ ဒီလိုပဲ ကြိတ်ကုနေရတယ်ပေါ့နော်။” ဟု ကေအိုင်စီသို့ပြောသည်။
အဆိုပါကျေးရွာများတွင် ဒေသခံများ နေမကောင်းဖြစ်လျှင် အိမ်တွင်းကုသမှုများရှိပြီး အချို့မှာလည်း ကျိုက်ဒုံဆေးရုံသို့ သွားရောက်စစ်ဆေးမှု ခံယူသော်လည်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လက်ခံစစ်ဆေးခြင်း မပြုလုပ်ပေးကြောင်းကိုလည်း အဆိုပါဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
သို့သော် ကျိုက်ဒုံမြို့နယ်ရှိ တိုင်းရင်းသားကျန်းမာရေးဆေးခန်းတွင် ကိုဗစ် positive ကုသခံရသူတစ်ဦးနှင့် သေဆုံးသူတစ်ဦးသာရှိပြီး ပူရေ၊ ရှိုးထနှင့် မိတန်ကျေးရွာတွင် ကိုဗစ်သံသယဝင် လူနာများအဖြစ်သာရှိသေးကြောင်း Karen Department of Health and Welfare (KDHW) ၏ field assistant (ကွင်းဆင်းတာဝန်ခံ) တစ်ဦးက ယခုလိုပြောသည်။
"ပူရေဘက်ကျတော့လည်း ဆရာမတစ်ယောက်ရှိတယ်။ ပူရေကဆရာမလည်း ကူးသွားလို့လား ဘာလို့လဲတော့မသိဘူး။ သံသယလူနာအနေနဲ့ပဲ ကုနေရတယ်ပေါ့နော်။ အိမ်တွင်းမှာပဲကုနေရတယ်။ ဟိုမှာ ကွာရန်တင်းတွေဘာတွေမရှိဘူး။ သူ့အိမ်နဲ့သူထားပြီး ကုနေရတယ်။ တချို့အိမ်မှာ lock down ချထားတယ်။ ဝင်ထွက်သွားလာလို့မရဘူးလို့ ပြောထားရတယ်ပေါ့နော်။" ဟု ၎င်းကဆိုသည်။
ကိုဗစ်တတိယလိုင်းကာလ ဇူလိုင်လ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ ကျိုက်ဒုံမြို့နယ်တွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၀ ဦးခန့်ရှိပြီး သေဆုံးသူတစ်ဦးနှင့် ပြန်လည်ကောင်းမွန်သွားသူ တစ်ဦးရှိကြောင်း အဆိုပါတာဝန်ခံက ဆက်ပြောသည်။
ထို့အပြင် နယ်မြေကျူးကျော်ဝင်ရောက်လာသည့် စစ်ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ကြား ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြေးနေရသည့် ပူရေ၊ ရှိုးထနှင့် ကော့သနုကျေးရွာတွင် စစ်ရှောင်ပြေးနေရသည့် ဒေသခံများကို ကိုဗစ်ရောဂါလက္ခဏာ ခံစားရသည့် စစ်ဘေးရှောင်များလည်းရှိကြောင်း Klo FM ၏ စာမျက်နှာတွင် ဖော်ပြထားသည်။
ကိုဗစ် တတိယလိုင်း စတင်ဖြစ်ပွားသည့်အချိန်မှစ၍ အဆိုပါကျေးရွာများကို ကျေရွာအတွင်း lock down ချကာ စောင့်ကြည့်ရေးစခန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ကိုဗစ်ရောဂါ ကာကွယ်စောင့်ရှောက်မှု ပြုလုပ်ကြသော်လည်း စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းများ CDM ပါဝင်ကြသလို လတ်တလောတွင် ၎င်းဒေသအတွင်း စစ်ရေးပဋိပက္ခကြောင့် ကိုဗစ်ရောဂါကူးစက်မှုရှိလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
လတ်တလော ကျိုက်ဒုံမြို့တွင် ကိုဗစ်ကူးစက်မှုများလာသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့တွင် ကျိုက်ဒုံမြို့ကို အသွားအလာ ကန့်သတ်သတ်မှတ်လိုက်ပြီးဖြစ်သလို စစ်ကောင်စီဘက်ကလည်း ၎င်းကျေးရွာတွင် စစ်ရေးလှုပ်ရှားမှုရှိပြီး စစ်အင်အားဖြည့်တင်းမှုများ ရှိသည်ဟုလည်း ဒေသခံများထံမှ သိရသည်။







