ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိမှုဖြင့် စတင်တရားစွဲ၊ ရှေ့နေများနှင့် သီးသန့်တွေ့ဆုံလိုဟု ဝန်ကြီးဟောင်းများတောင်းဆို

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိမှုဖြင့် စတင်တရားစွဲ၊ ရှေ့နေများနှင့် သီးသန့်တွေ့ဆုံလိုဟု ဝန်ကြီးဟောင်းများတောင်းဆို

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဝန်ကြီးဟောင်း ၄ ဦးကို အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ယနေ့ စတင်တရားစွဲဆိုလိုက်ပြီဟု အမှုလိုက်ရှေ့နေက ပြောသည်။

ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးတွင် Video Conferencing ဖြင့်ရုံးထုတ်ခဲ့ပြီး စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးဟောင်းဦးကျော်အေးသိန်း၏ရှေ့နေလည်းဖြစ်၊ မင်းထီး Law Firm ကုမ္ပဏီမှ တရားလွှတ်တော်ရှေ့လည်းဖြစ်သည့် ဦးအောင်စစ်မင်းက နိရဥ္စရာကိုပြောသည်။

“ကျနော်တို့ရော၊ ဝန်ကြီးတွေ၊ ဝန်ကြီးတွေရဲ့မိသားစုတွေနဲ့ရော အကုန်လုံး တရားရုံးကနေပြီးတော့ စကားပြောခွင့်ပေးပါတယ်။ ဝန်ကြီးတွေကတော့ တခြားဟာတော့ မပြောဘူး။ သူတို့ကပြောတာကတော့ ရှေ့နေနဲ့ သီးသန့်တွေ့ဆုံချင်တယ်။ အဲဒါတွေတော့ ပြောတယ်။ ကျနော်တို့ကလည်း အဲဒါကို ကိုဗစ်ကာလဖြစ်လို့ အကျဉ်းထောင်မှာတွေ့လို့မရသေးဘူး။ နောက် အဆင်ပြေရင် ကျနော်တို့ လျှောက်လွှာတင်ပြီး တွေ့ပါမယ်။ လူချင်းတွေ့ပါမယ်ဆိုပြီးတော့ ကျနော်တို့ ပြောခဲ့တာရှိပါတယ်။” ဟု ပြောသည်။

ဝန်ကြီးဟောင်းများကို ယနေ့ Video Conferencing ဖြင့်ရုံးထုတ်သည့်အခါ ၎င်းတို့မိသားစုများနှင့်လည်း ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့သလို ဝန်ကြီးဟောင်းများ၏ကျန်းမာရေးအခြေအနေ ကောင်းမွန်သည်ဟုလည်း ဦးအောင်စစ်မင်းက ပြောသည်။

အဂတိလိုက်စားမှုပုဒ်မဖြင့် စတင်တရားစွဲခံလိုက်ရသည့် ဝန်ကြီးဟောင်းများမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ ပြည်နယ်ဘဏ္ဍာ/အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်နှင့် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်တို့ဖြစ်သည်။

၎င်းတို့သည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေသည့်အတွက်ဟုဆိုကာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်ခံလိုက်ရခြင်းဖြစ်သည်။

ယင်းနောက် ၎င်းတို့ကို သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ ၈ ရက်အထိ စစ်တွေမြို့ရှိ ပြည်နယ်တရားလွှတ်တော်တရားသူကြီးထံမှ ရမန်ကြီးနှစ်ပတ်ယူကာ ယနေ့တွင် စတင်ရုံးထုတ်တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

တရားစွဲခံထားရသူများအနက် ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့ကို စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုဖြင့် ပြီးခဲ့သည့်ဖေဖော်ဝါလအတွင်းက ဖမ်းဆီးထားကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅) ဖြင့် တရားစွဲထားပြီး ယခု အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ထပ်မံတရားစွဲခံလိုက်ရခြင်းလည်းဖြစ်သည်။

အဆိုပါဝန်ကြီးဟောင်း ၅ ဦးကို စက်တင်ဘာလ ၂၁ နှင့် ၂၂ ရက်တို့တွင် ထပ်မံရုံးချိန်းဆိုလိုက်သည်ဟုလည်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...