“ဒီတော်လှန်ရေးကြောင့် လူမျိုးအချင်းချင်းကြား စည်းလုံးမှုတွေ အများကြီးဖြစ်လာစေတယ်။ နိုင်ငံအတွင်းမှာ လူကြီးကော၊ လူငယ်ပါ နိုင်ငံရေးနဲ့့ပတ်သက်ပြီး အမြင်ပွင့်လာစေသလို ချင်းတစ်ခုတည်းမဟုတ်ပဲ ဗမာတွေကလည်း တောင်ပေါ်တိုင်းရင်းသားတွေရဲ့ ခံစားခဲ့မှုတွေကို နားလည်လာသလို အချင်းချင်းလေးစားမှုကို ဖြစ်ပေါ်စေပြီး ယုံကြည်မှုတွေလည်း ဖြစ်လာစေပါတယ်”
ဒီပြောစကားကတော့ လက်ရှိ Chinland Defense Force လို့ခေါ်တဲ့ (CDF) တပ်ဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးရဲ့ မြေပြင်အနေအထားနဲ့ ချင်းလူမျိုးတွေအကြား မြို့နယ်အလိုက်ဖြစ်စေ၊ မျိုးနွယ်စုအလိုက်ဖြစ်စေ စစ်ကောင်စီကို တွန်းလှန်နေမှုရဲ့ လက်ရှိအနေအထားကို ပြောပြတာဖြစ်ပါတယ်။
မကြာသေးခင်ပြန်လည်ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကြောင့်လည်း CDF အနေနဲ့ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်မယ့် အခက်အခဲများစွာ ကြုံတွေ့ရသလို လက်နက်အင်အားမမျှမှုတွေလည်း ကြုံတွေ့နေရတယ်လို့ CDF အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
သူက “ထင်ထားသလောက်လက်နက်ကမရှိဘူး။ ကိုဗစ်လည်းဖြစ်နေသလို ကာကွယ်ဆေးလည်းမထိုးဖြစ်သေးတော့ ပြည်သူနဲ့ထိတွေ့ချိတ်ဆက်မှုတွေမှာလည်း ထင်မြင်ထားသလောက် အလုပ်မဖြစ်ဘူး” လို့ ဆိုပါတယ်။
CDF အနေနဲ့ စက်တင်ဘာလ (၅) ရက်နေ့ကလည်း ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပပျောက်ရေးအပြင် မိမိဒေသကာကွယ်ရေးအတွက်ဖြစ်စေ၊ ပြည်သူ့အစိုးရပေါ်ပေါက်လာတဲ့အထိ အာဏာရှင်ရဲ့ မည်သည့်စီမံကိန်းမဆို ဆန့်ကျင်တိုက်ခိုက်ဖို့ ပြည်သူ့အနေနဲ့ တာဝန်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလက်ရှိမှာ ချင်းပြည်နယ်ရဲ့နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို အထူးသဖြင့် မင်းတပ်မြို့နယ်ဖက်မှာ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေပါတယ်။
မင်းတပ်CDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အနောက်ဖက်ခြမ်းနဲ့ မှာအကျအဆုံးပိုများတယ်။ မြောက်ဖက်ခြမ်းမှာလည်း တစ်ပြိုင်တည်း ထိုးစစ်ဆင်ကြတာပေါ့။ စကစကတော့ အိမ်တွေကို ဖျက်စီးသွားသလို ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေကို ဖျက်စီးသွားတာတွေရှိတယ်။ ရွာတွေမှာဆိုရင်လည်း ဝက်ကြက်တွေ ယူသွားတာရှိတယ်” လို့ဆိုပါတယ်။
လက်ရှိမှာ တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူတွေ အင်အားမမျှပေမယ့် တင်းခံပြီး အာဏာရှင်ကို တိုက်ခိုက်နေတယ်လို့ CDF အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
သူက “အရင််က စကစက မင်းတပ်ဖက်ကို အထင်သေးပေမယ့် နောက်ပိုင်း လန့်လာတယ်။ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်။ ကျတော်တို့ လူငယ်တွေက စိတ်အားထက်သန်လို့သာလုပ်ကြတာ။ အင်အားတော့မမျှဘူးပေါ့” လို့ပြောပါတယ်။
CDF ဖက်က စက်တင်ဘာလ (၅) ရက်နေ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့ တရားမဝင်စီမံကိန်း၊ အထူးသဖြင့် တင်ဒါလုပ်ငန်းများနဲ့ပတ်သက်ပြီး အသိပေးထုတ်ပြန်မှုလည်း ပါဝင်ပါတယ်။
ထုတ်ပြန်ချက်မှာ တည်ဆဲဘတ်ဂျက်ရဲ့ တင်ဒါလုပ်ငန်းများကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၃၀) ရက်အထိသာ လုပ်ကိုင်ခွင့်ပေးပြီး တင်ဒါလုပ်ငန်းများကို အောက်တိုဘာလ (၁) ရက်မှစပြီး လုပ်ကိုင်ခွင့်ပေးမှာမဟုတ်သလို ပြည်သူ့အစိုးရမပေါ်ခင်ထိ လုပ်ငန်းများ အကောင်အထည်ဖော်ခွင့် လုံးဝ ပိတ်ပင်တားမြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ကိုမလိုက်နာတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်များကို အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းသူများအဖြစ် သတ်မှတ်ပြီး ပိုင်ဆိုင်တဲ့ ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်း (သို့) တိုက်ခိုက်အရေးယူခြင်းခံရမယ်လို့ ပါရှိပါတယ်။
လက်ရှိစစ်ကောင်စီရဲ့အာဏာသိမ်းပြီး နေရာအနှံ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်တွေ ပိုမိုတိုးပွားနေသလို CDF အဖွဲ့ဝင်အချင်းချင်းလည်း အခုနောက်ပိုင်း ချိတ်ဆက်မှုတွေ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
CDF အဖွဲ့ဝင်တစ်ဦးဖြစ်သူက “တစ်ယောက်နဲ့တစ်ယောက် လူသားချင်းစာနာထောက်ထားဖို့လိုသလို အခုလည်း စစ်ဘေးရှောင်တွေအတွက်လည်း စားနပ်ရိက္ခာနဲ့ နေရေးထိုင်ရေးအတွက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ CDF အုပ်စုကတော့ အချင်းချင်းကတော့ အဆက်အသွယ်ရှိတယ်။ အချင်းချင်း တိုင်ပင်ဆွေးနွေးတာ၊ ချိတ်ဆက်တာတွေရှိပါတယ်” လို့ဆိုပါတယ်။
လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ ရှုတ်ထွေးနေပေမယ့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ပြည်သူအားလုံးက ရာနှုန်းပြည့်ယုံကြည်ထားသလို အဲဒီအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ CDF အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူက ပြောပါတယ်။
သူက “ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ အားလုံးရဲ့စိတ်ထဲမှာ ၁၀၀ ရာခိုင်နှုန်းစိတ်ဓာတ်ပြင်းထန်မှုရှိတယ်။ အဲဒီခံယူချက်က အခုချိန်ထိ စိတ်ဓာတ်မကျစေသလို ရာနှုန်းပြည့် ယုံကြည်မှုရှိတယ်။ အတော်များများနေရာတွေမှာလည်း အနိုင်ရသလို ဖက်ဒရယ်ဒီမိုကရေစီစနစ်ပုံစံကို ကျေးရွာအတော်များများမှာ ကျင့်သုံးမှုတွေ စလုပ်လာနိုင်ပြီ” လို့ဆိုပါတယ်။
လက်ရှိအချိန်ထိ CDF ရဲ့ထုတ်ပြန်ချက်အရ CDF တပ်ဖွဲ့ဝင် ၄၀ နီးပါးသေဆုံးသလို စစ်ကောင်စီဖက်က ၁၀၀ နီးပါးသေဆုံးပြီလို့ သိရပါတယ်။
သြဂုတ်လ (၂၄) ရက်မှာလည်း CDF (Mindat), CDF (Kanpalet), CNO (Falam & Kalay-Kabaw) နဲ့ ZFU (Tedim, Tonzang & Kalay) စတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ကျဆုံးတဲ့အထိ သစ္စာမပျက် အတူတကွ တိုက်ပွဲဝင်ရေး မဟာမိတ်ဖွဲ့ကြကြောင်း ထုတ်ပြန်ချက် ထုတ်ထားပါတယ်။
လက်ရှိအချိန်မှာ ပြည်သူများအနေဖြင့်လည်း မလိုအပ်ပဲ ခရီးသွားလာခြင်းမပြုရန်၊ တစ်ဦးချင်းလုံခြုံရေးဂရုပြုရန်၊ လိုအပ်မည့် ဆေးဝါးရိက္ခာတို့ကို စုဆောင်းထားရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီစောင်ရှောက်ရန် အပြင် စစ်ကောင်စီ၏ လှုပ်ရှားမှုသတင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ အချိန်မီပေးပို့ကြရန် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စက်တင်ဘာ (၇) ရက်တွင် ထုတ်ပြန်ထားပါတယ်။







