NUG ၏ အရေးပေါ်ကြေငြာချက်ကို ပြန်လည်ရုပ်သိမ်းရန် KNU ဒူးပလာယာခရိုင်ဥက္ကဌ မေတ္တာရပ်ခံ

NUG ၏ အရေးပေါ်ကြေငြာချက်ကို ပြန်လည်ရုပ်သိမ်းရန် KNU ဒူးပလာယာခရိုင်ဥက္ကဌ မေတ္တာရပ်ခံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်လိုက်သည့် အရေးပေါ်ကြေငြာချက်နှင့်ပတ်သက်ပြီး ပြန်လည်ရုပ်သိမ်းပေးရန် ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက ထိုနေ့တွင်ပင် မေတ္တာရပ်ခံစာပေးပို့ခဲ့သည်။

NUG ကြေငြာချက်သည် စစ်ကြေငြာလိုက်သည့်အသွင် ဆောင်ခြင်းဖြစ်သောကြောင့် လွန်စွာထိတ်လန့်စိုးရွံ့မိကြောင်းနှင့် ပြည်သူများကို စစ်ပွဲဒုက္ခများနှင့် ထပ်မံမကြုံတွေ့စေလိုခြင်းကြောင့် ယခုလို စာပေးပို့လိုက်ရခြင်းဖြစ်သည်ဟု ပဒိုစောရွှေမောင်းက ယခုလိုပြောသည်။

၎င်းက “အခု သူတို့ (NUG) လုပ်နေတာက အရင်ကျနော်တို့ ကြုံတွေ့ခဲ့ရသလိုပုံစံမျိုး ထပ်မကြုံတွေ့စေချင်တော့ဘူး။ အကောင်းဆုံးက နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာ ဖြေရှင်းကြတာက အကောင်းဆုံးပဲလို့ မြင်တဲ့အတွက် ကျနော့်သဘောထားကို ကျနော်ထုတ်ပြန်လိုက်တာပဲ။ ကျနော်တို့ KNU ကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ သဘောထားရှိထားသလိုပဲ အဲ့အတိုင်းဆက်သွားဖို့ သဘောထားရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်း၏ မေတ္တာရပ်ခံစာတွင် စစ်ကြောင့် ပြည်သူများအနေဖြင့် စားဝတ်နေရေး ဆင်းရဲကြရ၍ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရပြီးဖြစ်ပြီး အလားတူ ထပ်မံမကြုံတွေ့စေလိုကြောင်းနှင့် လက်ရှိ အမိန့်ကြေငြာချက်ကို မရုပ်သိမ်းနိုင်ခဲ့လျှင် တိုင်းပြည်သည် စစ်တလင်းအဖြစ်သို့ ပို့ဆောင်ပေးသည့် သဘောဆောင်နေသည်ဟု ဖော်ပြထားသည်။

ဆက်လက်ပြီး ၎င်းအနေဖြင့် ပြည်သူလူထုကို ကိုယ်စားပြု၍ လက်ရှိ အရေးပေါ်အခြေအနေကို ရုပ်သိမ်းရန်၊ ၎င်းတို့ဒေသကို အခြေပြု၍ စစ်ရေးဆောင်ရွက်မှု မပြုရန်၊ ၎င်း၏ KNU နိုင်ငံရေးရပ်တည်ချက်နှင့်အညီ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းရန်ဟူ၍ မေတ္တာရပ်ခံထားသည်။

ယမန်နေ့က စက်တင်ဘာ ၇ ရက်မှစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု၏ တော်လှန်ရေး စတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက အာဏာသိမ်းစစ်ကောင်စီအပေါ် စစ်ကြေညာလိုက်ပြီး စစ်အုပ်ချူပ်ရေးကို တနိုင်ငံလုံးလှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြရန်ဟူ၍ NUG သမ္မတက ပန်ကြားခဲ့ခြင်းဖြစ်သည်။

အလားတူ ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များအနေဖြင့်လည်း နည်းလမ်းပေါင်းစုံဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီ အားပေးထောက်ခံသူ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ကို အကျိုးပြုနေသော စီးပွားရေးလုပ်ငန်းဖြစ်သည့် ဖုန်းတာဝါတိုင်များကို ဖျက်ဆီးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင်ဒေသအချို့တွင်လည်း တိုက်ပွဲများ ပိုမို ပြင်းထန်လာသည်။

လက်ရှိ NUG ၏ အရေးပေါ်ကြေညာချက်အပေါ် အနောက်နိုင်ငံအုပ်စုမှလည်း မလိုလားသည့်ဟန် ပြောဆိုမှတ်ချက်ပေးမှုများရှိနေပြီး နိုင်ငံရေးနည်းလမ်းအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် တိုက်တွန်းပြောဆိုမှုများရှိသည်။

လက်ရှိ စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးဖြေရှင်းနိုင်ခြင်း ရှိ/မရှိနှင့်ပတ်သက်၍လည်း KNU ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းက ယခုလိုပြောသည်။

“ဒီ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှုကို ရှောင်လွဲလို့ရမှာမဟုတ်ဘူး။ အချင်းချင်းသတ်ဖြတ်တာ ကုန်အောင်လုပ်တာက လွယ်တဲ့အလုပ်မဟုတ်ဘူး။ အလုပ်လည်းဖြစ်မှာမဟုတ်ဘူး။ ကျနော်ထင်တာက အားလုံးလည်း ဒါကို နားလည်မယ်ထင်တယ်။ စစ်အာဏာရှင်လည်း ဒါကို နားလည်မှာပဲ။ ခုဏကပြောတဲ့နည်းလမ်းအတိုင်း တစ်နေ့နေ့တော့ သွားကိုသွားရမှာပဲ။” ဟု သူက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) မှ ဒူးပလာယာခရိုင် နယ်မြေအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်များ ရှိ/မရှိ ဝင်ရောက်စစ်ဆေးမည်ဖြစ်သောကြောင့် အဆိုပါအဖွဲ့များကို လက်ခံမထားရန် ပဒိုရွှေမောင်းက ၎င်း၏ သက်ဆိုင်ရာ တပ်မဟာနှင့် မြို့နယ်ခေါင်းဆောင်များကို ညွှန်ကြားမှုမျိုးလည်း ပြုလုပ်ခဲ့သေးသည်။

ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းသည် KNU နှင့် ယခင်အစိုးရများအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်လည်း ပါဝင်လာခဲ့သူဖြစ်ပြီး အပစ်ရပ်လက်မှတ်ရေးထိုးသည့်နောက်ပိုင်း စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ဆက်ဆံရေး နီးစပ်သူတစ်ဦးအဖြစ်လည်း ကရင်အသိုင်းအဝိုင်းတွင် ရှုမြင်ခြင်းခံရသူဖြစ်သည်။

NUG အစိုးရ၏ အရေးပေါ်ကြေငြာချက်ကြောင့် မြန်မာ့နွေဦးတော်လှန်ရေးရေချိန် ပြန်လည်မြှင့်တက်နေချိန် ယခုလို သဘောထားထုတ်ပြန်ချက်အပေါ်တွင်လည်း ပဒိုစောရွှေမောင်းအပေါ် ဝေဖန်မှုများ မြှင့်တက်နေသည်။

အလားတူ ပြီးခဲ့သည် မေလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ ပုဂ္ဂိုလ်ရေးသဘောထားဖြစ်သည့် လတ်တလော နိုင်ငံရေးပြဿနာကို အပစ်ရပ်စာချုပ် (NCA) မူအတိုင်း ကျင့်သုံးပြီး ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောထားတိုက်တွန်းချက်အပေါ် ထောက်ခံသည့်သဘောထား ထုတ်ပြန်ချက်ကို ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သေးသည်။

 
 

 

 

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...