စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူတစ်ဦး ပစ်သတ်ခံရပြီးနောက် ဖားအံတွင် လုံခြုံရေးတင်းကြပ်

စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူတစ်ဦး ပစ်သတ်ခံရပြီးနောက် ဖားအံတွင် လုံခြုံရေးတင်းကြပ်

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူတစ်ဦး ယမန်နေ့ (စက်တင်ဘာလ ၇ ရက်) က သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် လတ်တလောတွင် ဖားအံမြို့၌ ယခင်ရက်များထက် လုံခြုံရေး တင်းကြပ်ထားလျက်ရှိသည်ဟု သိရသည်။

ဖားအံမြို့ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သည့် ကိုကျော်ဇင်ဝင်း (ခ) တကောင်ငကျွဲဆိုသူသည် ယမန်နေ့ ညနေ ၆ နာရီအချိန်တွင် ၎င်း၏နေအိမ်ရှေ့၌ရှိနေစဉ် ကားစီးလာသည့် သေနတ်သမားက သေနတ် ၂ ချက်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ရပ်ကွက် ၄ တွင် နေထိုင်သူတစ်ဦးက "မနေ့ညက ဖြစ်စဉ်ဖြစ်ပြီးနောက် အရေးမကြီးရင် အပြင်မထွက်ဖို့ တာဝန်ရှိသူတွေ လာပြောတာရှိတယ်ပေါ့နော်။ လမ်းဆုံ၊ လမ်းဂွတွေမှာလည်း အရင်ကထက် လုံခြုံရေး တိုးမြင့်ထားတယ်။ ပြီးတော့ အရင်က သူတို့ စစ်ဆေးရေးစခန်းတို့၊ တပ်စခန်းတို့မှာ လုံခြုံရေး ပိုလုပ်လာတာတွေ့ရတယ်"  ကေအိုင်စီသို့ ပြောသည်။

ကိုကျော်ဇင်ဝင်း (ခ) တကောင်ငကျွဲ ပစ်သတ်ခံရမှု အကြောင်းအရင်းအသေးစိတ်ကို မသိရှိရသေးသော်လည်း သူ့ကို စစ်ကောင်စီသတင်းပေး လုပ်ဆောင်နေသည်ဆိုပြီး နာမည်ကြီးနေသည့်အတွက် ယခုလို ပစ်သတ်ခံရခြင်းဖြစ်နိုင်သည်ဟု ဖားအံမြို့ခံအချို့က သုံးသပ်ပြောဆိုနေကြသည်။

“ညနေ ၆ နာရီဝန်းကျင်မှာ အပစ်ခံရတာပေါ့။ ဆေးရုံသွားတဲ့အချိန်မှာပဲ ဆုံးသွားတယ်။ အပစ်ခံရတာက သေနတ်နဲ့ ၂ ချက်ပေါ့။ အသေးစိတ်တော့ မပြောနိုင်သေးဘူး။ သူက ဒဲ့သမား မဟုတ်ရင် မဟုတ်တဲ့အတိုင်းပြောတော့ ဒလန်လို့အထင်ခံရတာပေါ့။ ကျနော်တို့လည်း သူ့ကို သတိနဲ့နေပါလို့တော့ အမြဲသတိပေးတယ်။” ဟု ကိုကျော်ဇင်ဝင်း (ခ) တကောင်ငကျွဲ၏ အသိမိတ်ဆွေတစ်ဦးက ကေအိုင်စီသို့ပြောသည်။

ပစ်သတ်ခံရသူ ကိုကျော်ဇင်ဝင်း (ခ) တကောင်ငကျွဲသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးရာ မဲရှုံးထားသူလည်းဖြစ်သည်။

ထို့အပြင် သူသည် NLD အစိုးရလက်ထက်တွင် ကရင်ပြည်နယ်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ဖားအံကမ်းနားလမ်း သာယာလှပရေးစီမံကိန်းနှင့်ပတ်သက်၍ အဂတိလိုက်စားမှုရှိသည်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားစာပို့ထားခြင်းရှိသည့်အပြင် စစ်ကောင်စီ ဆန့်ကျင်တော်လှန်နေသည့်သူများကိုလည်း ဝေဖန်သုံးသပ်ချက်များရေးပြီး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် မကြာခဏတင်လေ့ရှိသည်။

 
 

 

 

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...