ကရင်ပြည်နယ်မြို့တော် ဖားအံမြို့ အဝင်/အထွက်နေရာများတွင် သွားလာနေသည့် ပြည်သူများကို ကားနှင့် ဆိုင်ကယ်ပေါ်မှ ဆင်းခိုင်း၍ ရှာဖွေစစ်ဆေးမှုများကို စက်တင်ဘာလဆန်းပိုင်းတွင် ယခင်ထက် ပိုမိုတင်းကြပ်စွာ လုပ်ဆောင်လာသည်ဟု မြို့ခံများက ပြောသည်။
စက်တင်ဘာလ ၆ ရက်နေ့မှစ၍ ဖားအံမြို့ ခလောက်နို့ အုန်းတပင် စာသင်ကျောင်းအနီးတွင် စစ်ဆေးရေးဂိတ်ထားရှိကာ သွားလာနေသည့် ပြည်သူများ၏ ကား၊ ဆိုင်ကယ်များရပ်ခိုင်းပြီး အထောက်အထာစာရွက်စာတမ်းများကို တောင်းယူစစ်ဆေးသည့်အပြင် ကား၊ ဆိုင်ကယ်များ၏ အတွင်းပိုင်းကိုလည်း ရှာဖွေစစ်ဆေးခြင်းရှိကြောင်း ကြုံတွေ့ခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။
သူက “အလုပ်ကိစ္စနဲ့ ဒီနေ့ အဲဒီဘက် တစ်ချက်သွားတော့ အစစ်ဆေးခံရတယ်။ ဘယ်မှာနေ၊ ဘယ်သွား၊ ဘယ်လာအစ စစ်ဆေးတယ်။ ဆိုင်ကယ်ပေါ်ကနေဆင်းခိုင်းပြီး ဘောက်ဖွင့်ပြီး စစ်ဆေးတယ်။ ကားတွေဆိုရင်လည်း အဲလိုပဲစစ် တယ်။ လူငယ်တွေကို ပိုပြီး စစ်ဆေးတာ တွေ့ရတယ်။ ဒီနေ့က D day စမယ် ကြေငြာလိုက်တော့ အဲဒါတွေလည်းပါလားမသိဘူး။ ဒီအချိန်မှာ ရွာမှာရှိတဲ့လူတွေလည်း အရေးမကြီးရင် မြို့ထဲမလာတာကောင်းမယ်” ဟု ကေအိုင်စီသို့ပြောသည်။
ဖားအံမြို့အဝင်နေရာဖြစ်သည့် အိန္ဒုတိုးဂိတ်၊ နောင်လုံတံတားရှေ့၊ ခလောက်နို့၊ ဖားအံ မွေးမြူရေးဇုန် အဝင်အရှေ့ဂိတ်၊ နောင်ပလိန်-လှာကမြင်လမ်း၊ သံလွင်တံတားရှေ့၊ ထီဖိုးခလုံး တိုးဂိတ် စသည့်နေရာများတွင် စစ်ကောင်စီဘက်မှ မကြာခဏ စစ်ဆေးမှုများရှိသည်။
ထို့အပြင် မြို့တွင်းရှိ အချို့နေရာတွင် ယခင်ရက်ပိုင်းများတွင် အပြင်ထွက်ခွင့်ကဒ်နှင့် Mask တပ်ထားခြင်းရှိမရှိကိုသာ စစ်ဆေးခဲ့သော်လည်း ယခုပိုင်းတွင် အပြင်ထွက်ခွင့်ကဒ်နှင့် Mask မပါသူများကို ဒဏ်ငွေရိုက်သည့်အပြင် ခရီးသွားပြည်သူများ၏ အိတ်များကို ဖွင့်ကြည့်ကာ ရှာဖွေစစ်ဆေးမှုများရှိလာသည်ဟု ကိုယ်တွေ့ကြုံခဲ့ရသူများက ပြောဆိုသည်။
“တချို့နေရာကတော့ နေ့တိုင်း စစ်တာရှိတယ်။ တချို့နေရာတွေကတော့ ပုံမှန်မရှိဘူး နေရာပြောင်းပြီး စစ်တာရှိတယ်။ တချို့နေရာတွေကတော့ ရဲ၊ မော်တော်ပီကယ် မကဘဲ စစ်သားတွေ အကုန်ပါတယ်။ နောင်လုံတိုးဂိတ်တို့၊ သံလွင်တံတားတို့ကတော့ ရဲတွေ ပုံမှန်ပဲစစ်တာရှိတယ်။ ဒါပေမယ့် အခုရက်ပိုင်းကတော့ စစ်ဆေးမှု အရမ်းကြမ်းလာတယ် ပြောလို့ရတယ်။” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ဖားအံမြို့အပြင် ပြည်နယ်တွင်းရှိ အခြားမြို့များ၌လည်း အလားတူ စစ်ဆေးမှုများရှိပြီး ပိုင်ကျုံ-နဘူး လမ်းမကြီးပေါ်တွင် နယ်မြေခံ နယ်ခြားစောင့်တပ်-BGF (၁၀၁၅) တပ်ရင်းက သွားလာသည့် ပြည်သူများ၏ အိတ်၊ ကားနှင့် ဆိုင်ကယ် အတွင်းပိုင်းပစ္စည်းများကို ရှာဖွေမှုများရှိကြောင်း သိရသည်။







