ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ ကိုဗစ်ရောဂါ ကူးစက်ခံနေရပြီး ဆေးကုသမှုခံယူနေရသည်ဟု သတင်းများ ထွက်ပေါ်လာမှုနှင့်ပတ်သက်၍ ၎င်းသတင်းမှာ မဟုတ်မှန်ကြောင်း BGF ဘက်က ကေအိုင်စီသို့ ပြောသည်။
ဗိုလ်မှူးကြီးစောချစ်သူသည် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသော်လည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရ၍ ရန်ကုန်မြို့ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းများထွက်ပေါ်နေသလို ၎င်းနေအိမ်ရှိရာ ရွှေကုက္ကိုလ်မြို့တွင် ဆေးကုသမှုခံယူနေရကြောင်းလည်း သတင်းများထွက်ပေါ်လာခြင်းအပေါ် မဟုတ်မှန်ကြောင်း BGF အမှတ် (၂) တပ်နယ် ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက ယခုလိုပြောသည်။
၎င်းက “အဲ့ဒီကိစ္စက မဟုတ်ဘူးနော်။ ဗိုလ်ချစ်သူက မနေ့တနေ့က သူ ရိုးရိုးကိုယ်အပူချိန်တက် ဖျားနာတာပဲ။ သူများတွေသတင်းတင်သလို ရန်ကုန်က မင်္ဂလာဒုံစစ်ဆေးရုံတို့ဘာတို့က မဟုတ်ပါဘူး၊ ရွှေကုက္ကိုလ်မှာပဲ။ ကြားတာကတော့ အခု သက်သာနေပြီး။” ဟု ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ဗိုလ်မှူးကြီးစောချစ်သူအနေဖြင့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးပြီဖြစ်သော်လည်း ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရခြင်းကြောင့် အမေရိကန်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံရန် ထပ်မံမှာယူမှုမျိုးရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
၎င်း BGF အုပ်ချုပ်ရာ မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့တွင် အကောင်အထည်ဖော်လုပ်ဆောင်နေသည့် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်း၌ တရုတ်လူမျိုးများ တရားမဝင် ဝင်ရောက်နေထိုင်နေကြပြီး ထောင်နှင့်ချီ၍ ကိုဗစ်ကူးစက်ခံနေရကြောင်းနှင့် သေဆုံးသူများလည်း ရှိနေကြောင်း BGF နှင့် နီးစပ်သူတစ်ဦး၏ ပြောစကားအပေါ်အခြေခံပြီး သတင်းများ ထွက်ပေါ်လျက်ရှိသည်။
အလားတူ စက်တင်ဘာလ ၄ ရက်နေ့တွင် BGF ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်မှူးကြီး စောဒေါဒေါ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သလို ပြီးခဲ့သည့် ဩဂုတ်လတုန်းကလည်း BGF အမှတ် ၃ တပ်နယ်၊ တပ်နယ်မှူး ဒုဗိုလ်မှူးကြီး စောကျော်မြင့် (ခ) ဗိုလ်ကတုံးအပြင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) စစ်ရေးချုပ် ဗိုလ်ချုပ် စောနေစိုးမြ စသည့် ကရင်လက်နက်ကိုင်ခေါင်းဆောင်များလည်း ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့ကြသည်။







