ရခိုင်ပြည်နယ်၊ သံတွဲမြို့ ကင်းမော်ကျေးရွာတွင်နေထိုင်သော နက္ခတ်ဗေဒပညာရှင် ဦးခင်မောင်နိုင်အား ULA/AA အမည်သုံးပြီး မသမာသူတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်ကာ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
ဦးခင်မောင်နိုင် (၅၅ နှစ်) ကို ယမန်နေ့ စက်တင်ဘာလ ၅ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ၀၉-၆၆၀-၂၅၆-၃၂၄ နံပါတ်ဖြင့် လူတစ်ဦးက ဖုန်းဆက်လာကာ ၎င်း၏လုပ်ရပ်များကို ဆက်မလုပ်ဘဲ ရပ်တန်းမှရပ်ရန်နှင့် မရပ်ပါက ကျည်တစ်တောင့်နှင့် စာတစ်ရွက်ပို့လိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ခြိမ်းခြောက်ခံရသူက နိရဥ္စရာကိုပြောသည်။
“ULA/AA က ရက္ခိတလမ်းစဉ်ကဆိုပြီး ဒီတိုင်းဆက်မသွားနဲ့၊ ရပ်တန်းကရပ်ပေးဆိုပြီး မဟုတ်ရင် ကျည်တစ်တောင့်နဲ့ စာရွက်ပို့လိုက်မယ်တဲ့။ ခြိမ်းခြောက်တဲ့သူကို နည်းနည်းရိပ်မိတာက စာပေသမား အသက် ၅၀ လောက်ရှိမယ်။ ဖုန်းနံပါတ်က MYTEL ကဆိုတော့ မှတ်ပုံတင်ထားတာလားကြည့်နိုင်ရင် သိမယ်ထင်တယ်။” ဟု ပြောသည်။
ခြိမ်းခြောက်ခံရသော နက္ခတ်ဗေဒပညာရှင် ဦးခင်မောင်နိုင်ကို ရက္ခိုင့်တပ်တော်/ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့်ပတ်သက်ပြီး အဆိုးအကောင်း တစ်စုံတစ်ရာပြောဆိုခဲ့မှုမရှိဘဲ ယခုကဲ့သို့ ခြိမ်းခြောက်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။
“ULA/AA ကိုပဲ ထိခိုက်အောင်၊ သိက္ခာကျအောင်လုပ်တာလို့ပဲ မြင်ပါတယ်။ ကျနော်က ဥပဒေဘောင်ထဲမှာပဲနေတဲ့အတွက် ကျနော့်အတွက် ထိခိုက်မှုမရှိပါဘူး။” ဟု ဦးခင်မောင်နိုင်က ပြောသည်။
သူသည် စစ်ဘေးရှောင်စခန်းများတွင် စာသင်ပြပေးပြီး လူမှုရေး ပရဟိတများတွင် လုပ်ဆောင်ပေးသူတစ်ဦးဖြစ်သည့်အတွက် ယခုခြိမ်းခြောက်မှုအပေါ် စိုးရိမ်မှုလည်းမရှိဟု ပြောသည်။
ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ တိုင်ကြားခြင်းလည်းမရှိဟု ဆိုသည်။
ဓာတ်ပုံ - နက္ခတ်ဗေဒပညာရှင် ဦးခင်မောင်နိုင်အား တွေ့ရစဉ်။







