သံတွဲမြို့နယ် ပုစွန်ဖြေကျေးရွာတွင် စစ်တပ်ကဝင်ရောက်နေ၊ လူငယ် ၁၀ ဦးကို စစ်တပ်ကတောင်းသည်မှာ မဟုတ်ကြောင်းပြော

သံတွဲမြို့နယ် ပုစွန်ဖြေကျေးရွာတွင် စစ်တပ်ကဝင်ရောက်နေ၊ လူငယ် ၁၀ ဦးကို စစ်တပ်ကတောင်းသည်မှာ မဟုတ်ကြောင်းပြော

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပုဇွန်ဖြေကျေရွာအတွင်းတွင် စစ်တပ်ကဝင်ရောက်ပြီး နေထိုင်နေသည်မှာ ၂ ရက်မျှရှိနေပြီဖြစ်ကြောင်း ပုစွန်ဖြေကျးရွာအုပ်စုအုပ်ချုပ်ရေးမှူးကပြောသည်။

စစ်တပ်က ပုစွန်ဖြေကျေးရွာသို့ စက်တင်ဘာ ၄ ရက်နေ့က ဝင်ရောက်လာခဲ့ပြီး ကျေးရွာသားများအား စစ်တပ်ထဲသို့ဝင်ရန် လူငယ် ၁၀ ဦးခန့်တောင်းနေသည်ဟု သတင်းများထွက်ပေါ်လျက် ရှိနေသည်။

သို့သော် ကျေးရွာမှလူငယ် ၁၀ ဦးကို စစ်တပ်က အတင်းတောင်းနေသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပုဇွန်ဖြေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးညီကြီး (ခ) ဦးမြင့်ခင်က ပြောသည်။

"တပ်ကတော့ရှိတယ်။ ဒါပေမဲ့ အခု Facebook မှာတင်ထားတဲ့သတင်းတွေလို လူငယ် ၁၀ ဦးတောင်းနေတယ်ဘာညာ အဲဒါတွေမရှိဘူး။ သူတို့ဘာသာသူတို့နေကြတယ်" ဟု ၎င်းကပြောသည်။

ကျေးရွာအတွင်း စစ်တပ်ကဝင်ရောက်နေမှုကြောင့် ပုစွန်ဖြေကျေးရွာသားများအပြင် အနီးပတ်ဝန်းကျင်ကျေးရွာများမှလည်း စိုးရိမ်မှုရှိနေကြပြီး ပုစွန်ဖြေကျေးရွာမှလူငယ် ၁၀ ဦးကို စစ်တပ်ထဲဝင်ရန်အတင်းတောင်းနေသည်ဆိုသည့်သတင်းထွက်ပေါ်လာမှုကြောင့် ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း ပြောဆိုသည်။

လက်ရှိပုစွန်ဖြေကျေးရွာတွင်ရောက်ရှိနေသောတပ်မှာ ဂွမြို့နယ်ဖက်မှတပ်ရင်း ၅၆၂ ဟုသိထားရပြီး ကျေးရွာဘုန်းကြီးကျောင်းနှင့်ဆေးခန်းတို့တွင် နေထိုင်လျက်ရှိကြကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ပုစွန်ဖြေကျေးရွာသားတစ်ဦးကပြောသည်။

"တပ်အင်အားကတော့ ၇၀ လောက်ရှိတယ်။ ဆေးခန်းမှာ အင်အား ၁၀ လောက်ရှိတယ်။ ဘုန်းကြီးကျောင်းမှာလဲရှိတယ်။ စစ်ဆေးတာတွေတော့မရှိဘူး။ တပ်ကဝင်လာတယ်ဆိုတော့ လူတွေကတော့ ကြောက်ကြတာပေါ့။ အခုလိုင်းမှာကလဲ သတင်းမှားတွေထပ်တင်တော့ ပိုပြီးကြောက်လာကြရတယ်" ဟု ၎င်းကျေးရွာသားကပြောသည်။

ပုဇွန်ဖြေကျေးရွာမှာ သံတွဲမြို့နှင့် မိုင် ၃၀ ကျော်ဝေးကွာပြီး ကျေးရွာအတွင်း အိမ်ခြေ ၁၆၀ ကျော်ရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်က ပုစွန်ဖြေကျေးရွာတွင်ဝင်ရောက်နေသည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုမသိရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးကပြောဆိုသည်။

သံတွဲမြို့နယ်အတွင်းမှ မဒေးတောင်ကျေးရွာတွင်လည်း စစ်တပ်က ဝင်ရောက်နေထိုင်မှုရှိကြောင်း ဒေသခံများကပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ သံတွဲမြို့နယ်အပြင် အခြားမြို့နယ်များတွင်လည်း မြန်မာစစ်တပ်က အင်အားဖြည့်တင်းနေမှုများရှိနေခြင်းကြောင့် တကျော့ပြန်တိုက်ပွဲပြန်ဖြစ်လာမည်ကိုစိုးရိမ်နေရကြောင်း ဒေသခံများကပြောဆိုကြသော်လည်း စစ်တပ်က ယင်းသို့ အင်အားဖြည့်ခြင်းများမရှိကြောင်း ငြင်းဆိုထားသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...
August 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများအတွင်း သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့် လူသတ်မှုနှင့်...