ဟားခါးမြို့နယ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးရှေ့တွင် စက်တင်ဘာ ၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် သေနတ်ပစ်ခတ်သံ အချက် ၂၀ ခန့်ကြားရပြီး စစ်ကောင်စီတပ်သားများနှင့် အခြားအဖွဲ့ ပစ်ခတ်မှုရှိခဲ့ကာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးဟု ဒေသခံတစ်ဦးမှ ဆိုသည်။
"ကျနော်တို့ အိမ်နားမှာပစ်ကြတယ်၊ ၂ ဖွဲ့ပစ်ခတ်တာတော့ သေချာတယ်၊ စစ်ကောင်စီရုံးနား မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ အရင်ပစ်ကြတယ် ပြီးမှ စစ်ကောင်စီရုံးနားမှာပစ်တော့ စစ်ကောင်စီတပ်သားက ဆိုင်ကယ်မောင်းလာပြီးလာတယ်၊ သေနတ်လွယ်ထားတယ်၊ အပစ်ခံရတော့ ဆိုင်ကယ်မှောက်သွားတယ် သေသွားတယ်လို့ နီးစပ်ရာကနေ ပြန်ကြားတယ်" ဟု ဒေသခံတစ်ဦးမှ ပြောသည်။
စက်တင်ဘာ ၄ ရက်ည ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားများမှ တိုင်ပင်အော်ဟစ်ပြီး ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံတဦးထံမှလည်း သိရသည်။
ပစ်ခတ်မှုများဖြစ်ပွားခဲ့သည် နေရာ၀န်းကျင်တွင် အိမ်နီးနားရှိ အိမ်နံရံတချို့လည်း ထိခိုက်မှုများရှိသည်ဟု မျက်မြင်တစ်ဦးမှ ပြောကြားသည်။
ယင်းပစ်ခတ်မှုနဲ့ပတ်သတ်ပြီး ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးကျော်ငြိမ်းမှ "တခြားအဖွဲ့စည်းက သူတို့ဘဏ် လုံခြုံရေးယူနေတဲ့သူတွေကို အရင်လုပ်တယ်လို့ပြောတယ်၊ သူတို့ဘက်က စိုးရိမ်လို့လဲ ကျနော်တို့ကို ရုံးကိုမသွားဖို့ပြောတယ်" ဟု Chin World media ကို ပြောသည်။







