ထောင် (၃) နှစ်စီချမှတ်ခံထားရသည့် တောင်ကုတ် NLD မှ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို ထောင်ပြောင်းရွှေ့

ထောင် (၃) နှစ်စီချမှတ်ခံထားရသည့် တောင်ကုတ် NLD မှ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို ထောင်ပြောင်းရွှေ့

ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို သြဂုတ်လ ၂၉ ရက်နေ့က ထောင်ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသည့် ၎င်းတို့နှစ်ဦးအနက် ဒေါ်နီနီမေမြင့်အား သရက်ထောင်နှင့် ဒေါ်ချစ်ချစ်ချောကို မြင်းခြံထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာအား ပြောသည်။

ဒေါ်နီနီမေမြင့်၏ အမျိုးသား ဦးလင်းနိုင်က “ထောင်ကျသွားပြီးနောက်ပိုင်း မိသားစုနဲ့တွေ့ခွင့်မရခဲ့ဘူး။ ပစ္စည်းတွေကိုတော့ ထောင်ဝကနေ ပို့လို့ရတယ်။ အခု ထောင်ပြောင်းလိုက်တာကိုလည်း နောက်နေ့မှာသိရတာ။” ဟု ပြောသည်။

သူမတို့နှစ်ဦးကို လွန်ခဲ့သည့် မေလ ၁၂ ရက် ည ၈ နာရီခန့်က ရန်ကုန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအား ဇွန်လ ၁ဝ ရက်နေ့ ရုံးချိန်းမတိုင်မီ ဇွန်လ ၈ ရက်နေ့ပင် စစ်ခုံရုံးက ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (က) ဖြင့် ထောင်ဒဏ် (၃) နှစ်စီ အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း ဒေါ်နီနီမေမြင့်၏ အစ်မဖြစ်သူ ဒေါ်ခင်သီတာဦးက ပြောသည်။

“အစတုန်းက နှစ်ယောက်လုံးအင်းစိန်ထောင်မှာပဲ။ အခုပြောင်းသွားတာလည်း အစ်မတို့မသိလိုက်ဘူး။ ညီမလေးရဲ့အမျိုးသားက စုံစမ်းလို့သိရတာ။ စာတော့အဆက်သွယ်ရှိတယ်။ ကျန်းမာတယ်လို့ပြောတယ်။ နီနီမေမြင့်ရဲ့ကလေးကိုတော့ ဖမ်းတဲ့နေ့ကတည်းက သူတို့အစ်မဆီကိုဆက်သွယ်လာတယ်။ နီနီမေမြင့်ရဲ့အစ်မလား။ သူက ကလေးကို ခင်ဗျားဆီကို ပို့ချင်လို့ဆိုလို့ဆိုပြီးပေါ့။ ခံစားရတာပေါ့ရှင်” ဟု ပြောသည်။

ဒေါ်နီနီမေမြင့်မှာ တောင်ကုတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ဒေါ်ချစ်ချစ်ချောမှာ ပြီးခဲ့သည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် တောင်ကုတ် (NLD)  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...