အဂတိပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦး မိသားစုနှင့် တွေ့ခွင့်မရ

အဂတိပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦး မိသားစုနှင့် တွေ့ခွင့်မရ

အဂတိလိုက်စားမှုပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဝန်ကြီးဟောင်း ၄ ဦးကို မိသားစုများက တွေ့ခွင့်မရဖြစ်နေသည်ဟု သိရသည်။

မိသားစုများနှင့် တွေ့ခွင့်မရသော်လည်း ၎င်းတို့အတွက်လိုအပ်သည့် ဆေးဝါးများနှင့် စားသောက်ဖွယ်ရာများကို မိသားစုများအနေဖြင့် ပေးပို့၍ရနေသည်ဟု သိရသည်။

ဝန်ကြီးဟောင်း ဦးမင်းအောင်၏သား ကိုဘုန်းမင်းခန့်က “စားစရာတွေတော့ တောင်ကုတ် ၅၄၄ စစ်တပ်ကို သွားပြီး ပို့ရတယ်။ အဝမှာပဲထားခဲ့ရပြီး ရောက်လား၊ မရောက်လားလည်း မသိဘူး။ ကျန်းမာရေးတော့ ကောင်းတယ်ပြောတာပဲ။ တွေ့ခွင့်လည်း မရဘူးလေ။” ဟု ပြောသည်။

လက်ရှိတွင် ၎င်းတို့ ၅ ဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်သော်လည်း အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံမှာ ကိုဗစ်ဖြစ်ပြီးကာစအခြေအနေရှိနေသည်ဟု သိရသည်။

“သူတို့တွေနဲ့ တွေ့ခွင့်တော့ မရဘူး။ ဒါပေမဲ့ အစားအသောက်တွေ ပို့ခွင်ရကြတယ်။ ကျန်းမာရေးလည်းကောင်းကြတယ်။ ဦးအောင်ကျော်ဇံက ကိုဗစ်ဖြစ်လို့ ကောင်းခါစပဲရှိသေးတယ်။” ဟု အခြားဝန်ကြီးတစ်ဦး၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာကိုပြောသည်။

အဂတိလိုက်စားမှုပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် ဝန်ကြီးဟောင်းများမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ ပြည်နယ်ဘဏ္ဍာ/အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်နှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်တို့ဖြစ်သည်။

၎င်းတို့သည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေသည့်အတွက်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်ခံလိုက်ရခြင်းဖြစ်သည်။

၎င်းတို့ကို သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ ၈ ရက်အထိ စစ်တွေမြို့ရှိ ပြည်နယ်တရားလွှတ်တော်တရားသူကြီးထံမှ ရမန်ကြီးနှစ်ပတ်ယူထားသည်ဟုလည်း သိရသည်။

အမှုဖွင့်ခံထားရသူများအနက် ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့ကို စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါလအတွင်းက ဖမ်းဆီးထားကာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅) ဖြင့် တရားစွဲထားပြီး ယခု အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ထပ်မံအမှုဖွင့်ထားခြင်းဖြစ်သည်။

 
 

 

 

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...