ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၄ နယ်မြေ၊ ရေဖြူမြို့နယ် ကျေးဇူးတော်ကျေးရွာအနီးတွင် ဩဂုတ် ၂၆ ရက်နေ့က စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်ဟု သတင်းထွက်ပေါ်လာသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်ရကာ ယနေ့အချိန်ထိ အချို့ အိမ်မပြန်ရဲသေးကြောင်း ဒေသခံများက ပြောသည်။
အဆိုပါကျေးရွာအနီးနားတွင် စစ်ကောင်စီတပ်ဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ လက်နက်ချအလင်းဝင်ရန်နှင့် လက်နက်မချပါက လက်စတုန်းချေမှုန်းမည်ဟု ရေးသားထားသည့်စာ ကျေးရွာအတွင်း လိုက်ကပ်ထားသည့်အတွက် ဒေသခံများစိုးရိမ်ကာ တိမ်းရှောင်ရနေရခြင်းဖြစ်ကြောင်း ဒေသခံတဦးက ယခုလိုပြောသည်။
၎င်းက “စစ်ကောင်စီတပ်က ရွာဝင်လာတဲ့အချိန်မှာ ကျနော်တို့ အပျော်တမ်းငှက်လိုက်ပစ်တဲ့ လေသေနတ်တွေကို မသုံးဘဲ အိမ်မှာပစ်ထားတာကို သူတို့တွေ့ပြီးတော့ PDF ပစ္စည်းဆိုပြီး စွပ်စွဲထားတာရှိတယ်။ ပြီးတော့ PDF တွေကို သူတို့ချေမှုန်းဖို့ လိုက်ကပ်တဲ့စာကြောင့် ဒေသခံတော်တာ်များများက ကြောက်တယ်။ အခု ၁၅ အိမ်ပဲ ပြန်လာရဲသေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ အချိန်တွင် ကျေးဇူးတော်ကျေးရွာအပြင် ရှင်ထဘီရွာ၊ နှမ်ကျယ်စသည့်ကျေးရွာများရှိ ဒေသခံအချို့ နေအိမ်သို့ ပြန်လာခြင်းများရှိသလို အချို့က ပြန်မလာရဲသည့်အတွက် ရွာအပြင်ဘက်တွင် ဆက်လက်တိမ်းရှောင် နေထိုင်သူများလည်းရှိကြောင်း သိရသည်။
ကျေးဇူးတော်ကျေးရွာတွင် အိမ်ထောင်စု ၅၈ စုမှ လူဦးရေ ၂၂၄ ဦး၊ ရှင်ထဘီကျေးရွာတွင် အိမ်ထောင်စု ၆၈ စုမှ လူဦးရေ ၃၀၀ ဦးနှင့် နှမ်ကျယ်ကျေးရွာတွင် အိမ်ထောင်စု ၁၇ စုမှ လူဦးရေ ၆၂ ဦးရှိသည်ဟု ဒေသခံများ၏ ပြုစုထားသည့်စာရင်းအရ သိရသည်။
စစ်ကောင်စီတပ်ဘက်မှ PDF ကိစ္စနှင့်ပတ်သက်၍ KNU တပ်မဟာ-၄၊ ဘိတ်-ထားဝယ်ခရိုင် တစ်ခုလုံးနီးပါး လုံးပမ်းဆောင်ရွက်နေသည့်အတွက် နယ်မြေခံ KNUနှင့်ထိတွေ့ပစ်ခတ်မှုမရှိရန် သတိထားနေရသည့် အပိုင်းရှိကြောင်း တပ်မဟာ-၄၊ ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုစောဖလော်စိုးဝင်းက ပြောသည်။
၎င်းက “အခုအဲဒီဘက် တပ်ဘက်က လာရှင်းပြီးပြီးဆိုတော့ အဲဒါဘာမှတွေ့တာလည်း မဟုတ်ဘဲဟာ။ လူထုကတော့ တပ်နှစ်ဖက် နီးလာပြီးဆိုရင် သူတို့က ပြေးတာဘဲလေ။ ပစ်ကြလား မပစ်ကြဘူးလား သိမှမသိတာ။ ဘာမှမဖြစ်ဘူး သွားပြောရင်လည်း အဲဒီမှာ မတော်တဆ ပစ်ခတ်တိုက်ခိုက်မှုရှိရင် မပြေးရင် အဆင်မပြေဘူးဆိုတော့ ကြိုပြေးတာက ပထမပေါ့” ဟု ပြောသည်။
ထို့အပြင် လက်ရှိ ကျောင်းပိတ်ချိန်ဖြစ်သည့်အတွက် ဒေသခံများ တောထဲတွင် သွားနေထိုင်မှုများလည်းရှိသလို သတင်းအမျိုးမျိုးထွက်ပေါ်နေသော်လည်း တပ်မဟာ-၄ တွင် ထူးခြားမှုမရှိသေးကြောင်း ခရိုင်တာဝန်ရှိသူများထံမှ သိရသည်။







