ကျိတ်ကျေးရွာသို့ ပြန်ဝင်လာသည့် စစ်ကောင်စီတပ်များ ဘုန်းကြီးကျောင်းနှင့် နေအိမ်တို့တွင် တပ်စွဲ၊ ဒေသခံတို့ စိုးရိမ်

ကျိတ်ကျေးရွာသို့ ပြန်ဝင်လာသည့် စစ်ကောင်စီတပ်များ ဘုန်းကြီးကျောင်းနှင့် နေအိမ်တို့တွင် တပ်စွဲ၊ ဒေသခံတို့ စိုးရိမ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်ကျေးရွာသို့ အင်အားရာချီ ပြန်လည်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) များ ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်တွင် တပ်စွဲထားသည့်အတွက် ဒေသခံလူထုများ စိုးရိမ်ထိတ်လန့်နေသည်ဟု အမည်မဖော်လိုသူ ရွာသားတဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဦးခန့်သည် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်၊ ဆိုင်ခန်းများ၌ အကာအကွယ်ယူ တပ်စွဲထားသည့်အတွက် ဒေသခံအချို့ နေအိမ်စွန့်ခွာပြီး နီးစပ်ရာ အသိမိတ်ဆွေများထံသို့ ပြောင်းရွှေ့နေထိုင်နေကြသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်များသည် ဩဂုတ် ၂၁ ရက်နေ့တွင် ကျိတ်စခန်းကို စွန့်ခွာသွားပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၁၈) က စခန်းကို သွားရောက်ရှင်းလင်းခဲ့သေးသည်။

သို့သော် စစ်ကောင်စီတပ်များ စခန်းသို့ ပြန်လည်အခြေချလိုသည့်အတွက် နယ်မြေခံ KNLA နှင့် ကော်သနောက်ကျေးရွာတွင် ပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ပွားပြီးနောက် ကျိတ်ကျေးရွာတွင် အင်အား ၂၀၀ ခန့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် KNLA တပ်ရင်း (၁၈) နှင့် စစ်ကောင်စီတို့ကြား စက်တင်ဘာလ ၁ ရက်နေ့တွင် ကျိတ်ကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခန့်အကွာအဝေးရှိ ပိုင်ကလန်ဒုံကျေးရွာအကြားရှိ မိုက်ကလိန်ထားတွင် ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ထို့နောက် စစ်ကောင်စီတပ်များ ပိုင်ကလန်ဒုံကျေးရွာကိုရောက်ရှိပြီး ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားခြင်းကြောင့် ဒေသခံများ စိုးရိတ်ထိတ်လန့်ပြီး ဆိုင်များပိတ်ကာ ပြောင်းရွှေ့နေထိုင်နေရသည်ဟု ဒေသခံပြည်သူများ ပြောဆိုသည်။

ယခုလို ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျိုက်ဒုံရှိ BGF အင်အား ၁၀၀ ခန့်သည် စက်တင်ဘာလ ၁ ရက် ညပိုင်းတွင် ကျိတ်ကျေးရွာတွင် ရောက်ရှိလာသည်။

အလားတူ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ခန့်သည် ပိုင်ကလန်ဒုံကျေးရွာမှ မိုက်ကသိုကျေးရွာသို့ ရောက်ရှိနေပြီး ကျန်တပ်ဖွဲ့ဝင်များက ကျိတ်ကျေးရွာရှိ ဘုန်းကြီးကျောင်း၊ လူနေအိမ်နှင့် နေအိမ်ဆိုင်ခန်းများတွင် တပ်စွဲထားကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

လက်ရှိ ကျိတ်ကျေးရွာတွင် စစ်ကောင်စီတပ်များ ဘုန်းကြီးကျောင်း၊ လူနေအိမ်နှင့်ဆိုင်ခန်းများတွင် တပ်စွဲထားသော်လည်း ရွာအတွင်းရှိ ဈေးဆိုင်အချို့ ပြန်ဖွင့်ကာ သွားလာလှုပ်ရှားမှုရှိသော်လည်း ပစ်ခတ်မှုဖြစ်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။

January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...
December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...