ဘုံရန်သူ စစ်အာဏာရှင်ကို အပြီးတိုင်ချေမှုန်းပစ်ရန် KNLA ဗဟို တွဲဘက်စစ်ရေးချုပ် တိုက်တွန်း

ဘုံရန်သူ စစ်အာဏာရှင်ကို အပြီးတိုင်ချေမှုန်းပစ်ရန် KNLA ဗဟို တွဲဘက်စစ်ရေးချုပ် တိုက်တွန်း

လူမျိုးစုံ ပြည်သူလူထုအားလုံး၏ ဘုံရန်သူဖြစ်သော စစ်အာဏာရှင်ကို အပြီးတိုင်ချေမှုန်းပစ်ရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟို တွဲဘက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထူဝေါ်က ယမန်နေ့ (စက်တင်ဘာလ ၂ ရက်) ပြုလုပ်သည့် အခြေခံစစ်သင်တန်းဆင်းပွဲတစ်ခုတွင် တိုက်တွန်းပြောကြားသွားခဲ့သည်။

KNLA တပ်မဟာ (၇) ဌာနချုပ်တွင်ပြုလုပ်သည့် အပတ်စဉ် (၉) အခြေခံ စစ်သင်တန်းဆင်းပွဲတွင် ဗိုလ်မှူးချုပ် မန်းရှာထုဝေါ်က တော်လှန်ရေးတွင် အလွှာစုံ လူထုလူတန်းစားအားလုံးပါဝင်၍ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်ချေမှုန်းပစ်ရန် အားလုံးတွင်တာဝန်ရှိကြောင်း ယခုလို တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အင်အားစုများရဲ့ ညီညွတ်ရေးနဲ့ သွေးစည်းခိုင်မာရေးကို တည်ဆောက်ပြီး လူမျိုးစုံ ပြည်သူတစ်ရပ်လုံးရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီတဖြစ်လဲ အိမ်စောင့်စစ်အုပ်စုကို အပြီးတိုင်ချေမှုန်းပစ်ဖို့ အားလုံးမှာ တာဝန်ရှိသလို အားလုံးအဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်” ဟု တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တော်လှန်ရေးတစ်ရပ်ကို အောင်ပွဲခံနိုင်ရန် လူမျိုးစုံပြည်သူလူထုတစ်ရပ်လုံး၏ တွန်းအားသည် အဓိက အဆုံးအဖြတ်ဖြစ်ကြောင်းနှင့် မှန်ကန်တရားမျှတသည့် လူမျိုးစုံ ပြည်သူတစ်ရပ်လုံးပါဝင်သည့် အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းတည်ဆောက်သွားနိုင်ရန်လည်း ဝိုင်းဝန်းပါဝင်သွားကြရန် ဗိုလ်မှူးချုပ် မန်းရှာထုဝေါ်က ဆက်လက် တိုက်တွန်းပြောဆိုခဲ့သည်။

၃ လတာ သင်ကြားပို့ချပေးခဲ့သည့် အဆိုပါ အခြေခံစစ်သင်တန်းတွင် သင်တန်းဆင်း ရဲဘော် ၂၂၆ ဦး ပါဝင်တက်ရောက်ခဲ့ပြီး တပ်မဟာ၏လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ကိုယ်စားပြု ရဲဘော်များအပြင် မဟာမိတ်နှင့် လူမျိုးစုတိုင်းရင်းသားအချို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

KNU အနေဖြင့် ယခင်အစိုးရ လက်ထပ်တွင် အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော်လည်း ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း KNU နှင့် စစ်ကောင်စီအကြား တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသလို လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်ခံထားရှိမှုအကြောင်းပြချက်ဖြင့် စစ်ကောင်စီဘက်မှ KNU နယ်မြေတချို့ကို နယ်မြေရှင်းလင်းမှုများ၊ ထိုးစစ်ဆင်မှုများပြုလုပ်နေပြီး နေ့စဉ်ထိတွေ့မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

ထို့အပြင် လက်ရှိ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူလူထုဘက်မှ ရပ်တည်၍ အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း KNU ဘက်မှ အာဏာသိမ်းမှုအပြီး သဘောထားထုတ်ပြန်ခဲ့သလို လက်ရှိ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကို မိမိကိုယ်ကိုယ်ခုခံပိုင်ခွင့်အရ အပြည့်အဝ ခုခံသွားမည်ဖြစ်ကြောင်းလည်း KNLA ထိပ်ပိုင်းအရာရှိများဘက်က ပြောဆိုထားသည်။

လက်ရှိတွင် စစ်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့သူများကို စစ်ကောင်စီဘက်မှ အကြမ်းဖက်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့သောကြောင့် ထောင်နှင့်ချီသည့် အရပ်သားပြည်သူများ သေဆုံးခဲ့ရသည်။

ထို့အပြင် ဆန္ဒပြပြည်သူများအပြင် နိုင်ငံရေးပါတီဝင်များ၊ ကျောင်းသားလူငယ်၊ ဝန်ထမ်း၊ သတင်းမီဒီယာသမားများနှင့် တက်ကြွလှုပ်ရှားသူ ထောင်နှင့်ချီ၍လည်း ယနေ့အထိ ဖမ်းဆီးနှိပ်စက် ချုပ်နှောင်ထားခြင်းခံရဆဲဖြစ်သည်။

ထိုသို့ အကြမ်းဖက်ခံရမှုများကြောင့် လက်ရှိတွင်လည်း မြန်မာနိုင်ငံ၏ ဒေသအသီးသီးရှိ ပညာတတ် လူငယ်လူရွယ်များအပါအဝင် အလွှာစုံလူထုများမှ ရရာလက်နက်များဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ဆန့်ကျင်ကာကွယ်ကြသလို လွတ်မြောက်နယ်မြေများတွင် စစ်ပညာများသင်ယူ၍လည်း စစ်ကောင်စီကို ပြန်လည်ခုခံတော်လှန်မှုများ ပြုလုပ်နေကြသည်။

ယနေ့ ပြုလုပ်သည့် သင်တန်းဆင်းပွဲသို့ KNLA ဌာနချုပ်မှ သက်ဆိုင်ရာအရာရှိများ၊ တပ်မဟာ (၇) ၏ သက်ဆိုင်ရာအရာရှိများ၊ တပ်ရင်းမှူးအချို့နှင့် သင်တန်းမှူးများက အသီးသီးတက်ရောက်၍ အမှာစကားများ ပြောကြားခဲ့သလို သင်တန်းဆင်းရဲဘော်များအား သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်းဆုများကို ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းရဲဘော်များအနေဖြင့် သက်ဆိုင်ရာတပ်မဟာ၏ တပ်ရင်းတပ်ခွဲ ဒေသအသီးသီးတွင် ပြန်လည်တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်သည်။

 
 

 

 

January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...
December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...