CRPH နှင့် NUG အစိုးရကို ကြိုဆိုထောက်ခံကြောင်း KNU concerned Group ထုတ်ပြန်

CRPH နှင့် NUG အစိုးရကို ကြိုဆိုထောက်ခံကြောင်း KNU concerned Group ထုတ်ပြန်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံရေးရပ်တည်ချက်သည် မိမိတို့၏ ရပ်တည်ချက်နှင့် ထပ်တူကျသောကြောင့် ၎င်းတို့ကို ကြိုဆိုထောက်ခံကြောင်း KNU Concerned Group က စက်တင်ဘာလ ၂ ရက်နေ့တွင် သဘောထားထုတ်ပြန်ကြေညာခဲ့သည်။

CRPH နှင့် NUG ၏ နိုင်ငံရေးရပ်တည်ချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဖြစ်သောကြောင့် မိမိတို့၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ရပ်တည်ချက်နည်းတူ တိုင်းရင်းသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုတည်ဆောက်ရေးနှင့် ထပ်တူကျသောကြောင့် ၎င်းတို့ကို ကြိုဆိုထောက်ခံပြီး အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေး လှုပ်ရှားမှုများကို ပံ့ပိုးဆောင်ရွက်သွားမည်ဟု KNU concerned group ကဆိုသည်။

အဖွဲ့၏ပြောခွင့်ရ ယခင် KNU ဒု-ဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်က “ကျမတို့ တော်လှန်ရေးရဲ့ ရည်မှန်းချက် ပန်းတိုင်နဲ့ သူတို့ရဲ့ ရည်မှန်းချက်က ထပ်တူကျတဲ့အတွက် ပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်။ စည်းလုံးမှုကို ထိခိုက်စေတာမျိုးကိုမကြည့်ဘဲ စစ်အာဏာရှင်ရဲ့ ပြည်သူ လူထုတွေကို ရက်စက်ကြမ်းကြုတ် သတ်ဖြတ်မှုတွေကို အတူတကွ တွန်းလှန်ထုတ်ဖို့၊ အတူတကွ လက်တွဲလုပ်ဆောင်ဖို့ လိုအပ်တယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ပြည်သူလူထု၏ဆန္ဒကို ဆန့်ကျင်၍ စစ်အာဏာသိမ်းလိုက်ခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်လည်း ပျက်ပြယ်သွားပြီဖြစ်ကြောင်း မှတ်ယူသည်ဟု ၎င်းအဖွဲ့က ဆိုသည်။

အဆိုပါ NCA စာချုပ်သည်လည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ နိုင်ငံရေးပန်းတိုင်ကို မရောက်ရှိနိုင်ဘဲ ပါတီထောင် ရွေးကောက်ပွဲဝင်၍ လက်နက်ကိုင်လမ်းစဉ်စွန့်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်သို့ သွတ်သွင်းနေသည့် စာချုပ်သာ ဖြစ်ကြောင်းလည်း KNU concerned group ၏ ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

CRPH ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မတ်လ ၃၁ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်းကြေညာခဲ့သလို ဧပြီလ ၁၇ ရက်နေ့တွင် NUG အစိုးရကို ဖွဲ့စည်းကာ ဇွန်လ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်းများအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့သည်။

ဆက်လက်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အနေဖြင့် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရန်အတွက် နွေဦးတော်လှန်ရေးနှင့်အတူ တညီတညွတ်တည်း တိုက်ပွဲဝင်သွားကြရန် KNU concerned group က တိုက်တွန်းထားသည်။

January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...
December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...