ထားဝယ်ခရိုင်ရှိ ကျေးဇူးတော်ရွာဒေသခံအများစု နေအိမ် ပြန်မလာရဲသေးကြောင်း ဒေသခံများပြော

ထားဝယ်ခရိုင်ရှိ ကျေးဇူးတော်ရွာဒေသခံအများစု နေအိမ် ပြန်မလာရဲသေးကြောင်း ဒေသခံများပြော

စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေးသတင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကျေးဇူးတော်ကျေးရွာရှိ ဒေသခံအများစုမှာ ယနေ့အချိန်ထိ ပြန်မလာရဲသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ထိန်းချုပ် နယ်မြေအတွင်းရှိနေသည့် အဆိုပါ ကျေးဇူးတော်ရွာအနီးသို့ ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ်များအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူတပ်စွဲလာပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဆိုသည့် သတင်းများကြောင့် ဒေသခံ ကျေးရွာသားများမှာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့အထိ ပြန်လာကြခြင်း မရှိသေးကြောင်း အမည်မဖော်လိုသူ ဒေသခံခေါင်းဆောင်တစ်ဦးက ယခုလိုပြောသည်။

၎င်းက “အခုထိ ပြန်မလာကြသေးဘူး။ ဘယ်ကိုရောက်နေကြမှန်းလဲ မသိဘူး။ လိုက်ရှာနေတုန်းပဲ။ တစ်ရွာလုံးပဲ ပြေးကြတာ။ အခုထိပြန်မလာကြသေးတော့ ငတ်ပြတ်ကုန်မှာစိုးလို့ အခုက လိုက်ရှာနေရတာ။ စစ်တပ်ဘက်ကတော့ ပြန်ဆုတ်သွားပြီ” ဟု ကေအိုင်စီသို့ပြောသည်။

အိမ်ထောင်စုပေါင်း ၅၄ စုနှင့် ဒေသခံရာနှင့်ချီ နေထိုင်ကြသည့် ကျေးဇူးတော်ရွာတွင် လက်ရှိ ဒေသခံရွာသား အနည်းစုသာ ပြန်လာကြသေးပြီး အများစုမှာ ပုန်းရှောင်နေကြဆဲဖြစ်ကြောင်း ထိုဒေသခံခေါင်းဆောင်က ဆက်ပြောသည်။

စစ်ကောင်စီက အဆိုပါဒေသတွင် KNU မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို လက်ခံထားရှိကြောင်း စစ်သင်တန်းများပေးနေကြောင်း နှင့် လက်နက်ခဲယမ်းများ ရောင်းချပေးနေကြောင်း စသည့်အကြောင်းပြချက်ဖြင့် ဝင်ရောက်ရှင်းလင်းမည်ဟုဆိုကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ KNU တာဝန်ရှိသူများဘက်က ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ကျေးရွာအတွင်း ပြန်လာကြရန်နှင့် တောနင်းရှာဖွေစဉ် တွေ့ရှိပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားပြီး တနင်္သာရီတိုင်းအခြေစိုက် Dawei Watch က ရေးသားဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး CDM (ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု) နှင့် PDF ကို ရှာဖွေရန် စစ်ကောင်စီဘက်က လာရောက်ခြင်းဖြစ်ပြီး လက်ရှိတွင် ပြန်ထွက်သွားကြပြီးဖြစ်သလို တောနင်းရှာမည့် သတင်းမှာလည်း ကောလာဟလသာဖြစ်နိုင်ကြောင်း KNU တပ်မဟာ (၄) ၏ ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုစောဖလိုစိုးဝင်းက ယခုလိုပြောသည်။

“ဒေသခံတွေကတော့ ဒီလို တပ်နှစ်ခုဆိုင်လာရင်တော့ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ရှောင်ပြေးကြတာချည်းပါပဲ။ ဒါပေမဲ့ မနေ့ (ဩဂုတ်လ၂၉ ရက်) ကတော့ တချို့ ပြန်လာကြပါပြီး။ ဒီနေ့လည်း ပိုပြီးတော့ ပြန်လာကြပြီးထင်ပါတယ်။ ကျနော်ထင်တာက နောက်ဆိုရင်တော့ အများကြီး ပြန်ဝင်လာကြမှာပါ။ ဒေသခံတွေထဲမှာတော့ ဘာအခက်အခဲ ကြီးကြီးမားမားမရှိပါဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် လက်ရှိ D-Day သတင်းထွက်ပေါ်လာခြင်းကြောင့် စစ်ကောင်စီဘက်မှ ၎င်းတို့နယ်မြေအတွင်း နယ်မြေရှင်းလင်းမှုများ ပြုလုပ်မည်ဆိုသည့် သတင်းများကို ကြားသိရနေပြီး လက်ရှိအချိန်ထိတော့ ဝင်ရောက်ရှာဖွေမှုမျိုး မရှိသေးကြောင်းနှင့် ၎င်းတို့နယ်မြေအတွင်း၌လည်း မည်သည့် PDF အဖွဲ့မှမရှိကြောင်း ပဒိုစောဖလိုစိုးဝင်းက ဆက်ပြောသည်။

အဆိုပါ ကျေးဇူးတော်ရွာသည် ယခင်စစ်အစိုးရလက်ထက်က စစ်ဘေးကြောင့် တစ်ရွာလုံးပြောင်းရွှေ့ခဲ့ရသည့် ကျေးရွာဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင်မှသာ ဒေသခံများ ကျေးရွာသို့ပြန်လာကာ ပြန်လည်တည်ထောင်ထားသည့် ကျေးရွာဖြစ်သည်။

 
 

 

 

January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...
December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...