ရခိုင်ရှိ စစ်ဘေးရှောင်ဦးရေ ၃ သောင်းအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုး

ရခိုင်ရှိ စစ်ဘေးရှောင်ဦးရေ ၃ သောင်းအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုး
စစ်တွေရှိ စစ်ဘေးရှောင်များအား ကိုဗစ်ကာကွယ်ဆေးထိုးပေးနေစဉ်။
စစ်တွေရှိ စစ်ဘေးရှောင်များအား ကိုဗစ်ကာကွယ်ဆေးထိုးပေးနေစဉ်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဦးရေ ၃ သောင်းအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပြီဟု သိရသည်။

စစ်ဘေးရှောင် ၃ သောင်းအနက် စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း (၁၁) မှ စစ်ဘေးရှောင်များကို ယမန်နေ့ သြဂုတ်လ ၃ဝ ရက် နံနက်မှစတင်ကာ စစ်တွေအထက (၂) ကျောင်း၌ စတင်ထိုးပေးနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ကျနော်တို့ မနေ့က စထိုးပေးနေပြီ။ တခြားမြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်တွေကိုလည်း ဆက်ထိုးမှာ။ မြို့နယ်က အစီအစဉ်နဲ့ထိုးပါလိမ့်မယ်။”ဟု နိရဥ္စရာကို ပြောသည်။

စစ်တွေရှိ ကယုချောင်းစစ်ဘေးရှောင်စခန်း၊ အမျိုးသားကျောင်းစစ်ဘေးရှောင်စခန်း၊ ဃောသိတာရုံစစ်ဘေးရှောင်စခန်း၊ ဒက္ခောင်းကျောင်းစစ်ဘေးရှောင်စခန်း၊ မဏိရတနာစစ်ဘေးရှောင်စခန်း၊ သုခိတာရုံစစ်ဘေးရှောင်စခန်း၊ ဓမ္မာရာမ၊ ဘုရားသိမ်စစ်ဘေးရှောင်စခန်း၊ ဝိဘဇ္ဇဝါဒီစစ်ဘေးရှောင်စခန်း၊ နန်းရွှေဂူစစ်ဘေးရှောင်စခန်းနှင့် ဆုတောင်းပြည့်စစ်ဘေးရှောင်စခန်း စသည့် စခန်း (၁၁) ခုမှ အသက် ၄၅ နှစ်အထက်ရှိ စစ်ဘေးရှောင်များကို ထိုးပေးခဲ့ခြင်းဖြစ်သည်။

စစ်တွေမြို့ပေါ်မှ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသေးသော အခြားစစ်ဘေးရှာင်စခန်းများရှိ စစ်ဘေးရှောင်များကိုလည်း ယနေ့တွင် ဆက်လက်ထိုးပေးနေသည်ဟု သိရသည်။

ရခိုင်ရှိ စစ်ဘေးရှောင်များအနက် စစ်ဘေးရှောင်ဦးရေ ၃ သောင်းနှင့် IDP စခန်းများရှိ မူဆလင်များအနက် မူဆလင်ဦးရေ ၂ သောင်းတို့အတွက် တရုတ်နိုင်ငံထုတ် Sinovac အမည်ရှိ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၅ သောင်းကို သြဂုတ်လ ၂၅ ရက်တွင် ပြည်နယ်အစိုးရက ကျန်းမာရေးဝန်ကြီးဌာနထံမှ သီးသန့်ရရှိထားခြင်းဖြစ်သည်။

ယင်းဆေးလုံးရေ ၅ သောင်းအနက် စစ်ဘေးရှောင် ၃ သောင်းကို ယမန်နေ့တွင် စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများမှစတင်ထိုးပေးနေခြင်းဖြစ်သည်။

ကျန်မြို့နယ်များရှိ စစ်ဘေးရှောင်များကိုမူ မည်သည့်နေ့တွင် ထိုးပေးမည်ကို လောလောဆယ်မသိနိုင်သေးဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းစသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်း ၁၅ ခုတွင် အသက် ၆၅ နှစ်အထက်ရှိသူများကို ထိုးပေးရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

စစ်တွေမြို့နယ်အပါအဝင် အခြားမြို့နယ်များရှိ IDP စခန်းများမှ မူဆလင် ၂ သောင်းကိုလည်း သြဂုတ်လ ၂၈ ရက်မှစတင်ကာ ထိုးပေးနေပြီဖြစ်သည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...