NUG ပရိုဖိုင်ချိန်းထားခြင်းကြောင့် ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီအမှုဖွင့်

NUG ပရိုဖိုင်ချိန်းထားခြင်းကြောင့် ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီအမှုဖွင့်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ခြန်းပြန်းရွာမှ သြဂုတ်လ ၂၀ ရက်နှင့် ၂၂ ရက်နေ့များတွင် ဖမ်းဆီးခံခဲ့ရသော လူငယ် (၄) ဦးကို စစ်ကောင်စီက NUG ပရိုဖိုင်ချိန်းထားခြင်းကြောင့်ဟုဆိုပြီး အမှုဖွင့်ထားကြောင်း သိရသည်။



“၂၄ ရက်က ပုဒ်မတပ်လိုက်တာ၊ သူတို့ကို အခု ပရိုဖိုင်မှာတွေ NUG ထောက်ခံတယ်ဆိုတဲ့ ပရိုဖိုင်တွေ ချိန်းထားလို့ဆိုပြီး ပုဒ်မနဲ့ တပ်ထားတယ်။ စစ်တပ်ထဲမှာပဲ ပိုလုံခြုံတယ်ဆိုပြီး အဲ့မှာပဲထားလို့ သိရတယ်။ အခုချိန်က လူငယ်တိုင်းလိုလို အဲ့လိုပဲထားကြတာပဲလေ” ဟု ၎င်းတို့နှင့်နီးစပ်သူ မတူပီဒေသခံတစ်ဦးထံမှ သိရသည်။



၎င်းတို့ကို မင်းတပ်စစ်ဆေးရေးဂိတ်နှင့် ဖနိူင်ရွာနှင့် မတူပီအကြား ဗျူဟာစစ်ဆေးရေးဂိတ်တို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂ (က) ဖြင့် တရားစွဲဆိုထားခံရသည်ဟု သိရသည်။



အဆိုပါ အဖမ်းဆီးခံရသူများမှာ ကိုဒီဇင်ထန်း၊ ကိုထယ်တွီး၊ ကိုထောင်ပိန်း၊ ကိုစန်သိန်းတို့ဖြစ်ကြပြီး မလဲ့လဲ့ဝင်းဆိုသူကိုမှု အဖမ်းခံရသည့် သြဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီတွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။



စစ်ကောင်စီက သြဂုတ်လ ၁၁ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီကို ငြင်းပယ်ပါ (Accept NUG-Reject Military) ဆိုတဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပရိုဖိုင်ပြောင်းလဲထားသူများကို စနစ်တကျပြုစုထားရန် စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်းလည်း သိရသည်။



မြန်မာနိုင်ငံတွင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကို ထောက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းပယ်ပါ (Accept NUG-Reject Military) ဆိုသည့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပရိုင်ဖိုင်လှုပ်ရှားမှုကို ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ညက စတင်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၁၅ ရက်နေ့ညအထိ ယင်းလှုပ်ရှားမှုမှာပါဝင်လာသော ပြည်သူအကောင့်ပေါင်း သုံးသန်းနဲ့ လေးသိန်းကျော် ရှိလာပြီဖြစ်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body-GSCB) အဖွဲ့ရဲ့စာရင်းအရသိရသည်။



လက်ရှိ မတူပီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံသယရှိသူ မတူပီမြို့မှ ၁၀ ဦးအပါအဝင် စုစုပေါင်း ၁၄ ဦးဖမ်းဆီးခံထားရပြီး လက်ရှိထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...