ချင်းပြည်သူများထံ မျိုးနွယ်စုဒီမိုကရေစီစနစ် Tribal Democracy အကြောင်း တင်ပြခြင်း

ချင်းပြည်သူများထံ မျိုးနွယ်စုဒီမိုကရေစီစနစ် Tribal Democracy အကြောင်း တင်ပြခြင်း

Tribal Democracy ဆိုတာ မျိုးနွယ်စုအခြေပြု ဒီမိုကရေစီ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရကလည်း ချင်းလူမျိုးများရဲ့ တိုက်သူကြီး၊ သူကြီး အုပ်ချုပ်မှုစနစ်ကို ကိုလိုနီခေတ်တလျှောက် အသုံးပြုသွားပါတယ်။ ဒီ Tribal Democracy ဆိုတာက ချင်းလူမျိုးများမှ ဒီမိုကရေစီစံနှုန်းအတိုင်း သူတို့ရဲ့ရွာသူကြီး တိုက်သူကြီးတွေကို ရွေးချယ်ခန့်အပ်ရပါတယ်။ တာပေမယ့် ဗြိတိန်ကတော့ တိုက်သူကြီး၊ ရွာသူကြီးတွေကို သူ့ရဲ့ကိုလိုနီအုပ်ချုပ်ရေးအောက်မှာပဲ ထားပါတယ်။

အခုပြောမှာကတော့ မျိုးနွယ်စုများကို တိုက်ရိုက်အာဏာခွဲဝေခြင်း ဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ ရှားပါးဒီမိုကရေစီ စနစ်တစ်ခုလည်းပဲ ဖြစ်ပါတယ်။အခုခေတ်အခါမှာလည်း ဒီစနစ်ကိုကောင်းကို ပြန်လည်ကျင့်သုံးဖို့ အကြောင်းဖန်လာပါပြီ။ Federal လည်းမရသေးဘူး၊ Independence ကဆို ပိုဝေးလို့နေသေးတယ်။ အုပ်ချုပ်မှုနယ်မြေ၊မြေပုံအရ မျိုးနွယ်စုများရဲ့နေထိုင်ရာနေရာ မြို့နယ်မတူညီမှုစတဲ့ ဖြေရှင်းစရာတွေကတော့ ပုံလို့နေမှာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချင်းဘိုးဘေးများ အသုံးပြုခဲ့တဲ့ Tribal Democracy စနစ်ကို အသစ်တဖန် ပြန်လည်မိတ်ဆက်ရင်း Upadate လုပ်လို့ရနိုင်ချေရှိသဖြင့် စိတ်အားထက်သန်စွာ ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

Tribal Democracy စနစ်ရဲ့ အားသာချက်များထဲမှ အနည်းငယ် မျှဝေလိုပါတယ်။

-ပထမအချက်ကတော့ မျိုးနွယ်စု ခေါင်းဆောင်များဟာ ပြောထားတဲ့အတိုင်း ဒီမိုကရေစီစံနှုန်းစံထားအတိုင်း မျိုးနွယ်စုပြည်သူများက ရွေးချယ်ခန့်အပ်ရပါတယ်။

- နိုင်ငံရေးပါတီများနဲ့ တိုက်ရိုက်ပတ်သက်မှုမရှိတာကြောင့် ဘယ်နိုင်ငံရေးပါတီကယက်မှ တိုက်ရိုက်ဝင်မပါနိုင်ပါဘူး။

- ပြည်ထဲရေးဖြစ်တဲ့ ထွေအုပ်၊ ရဲ စတဲ့ အာဏာပိုင်အဖွဲ့အစည်းများရဲ့ အာဏာပါဝါကိုလည်း အော်တိုလျော့ကျစေနိုင်တယ်။

- မျိုးနွယ်စုတူ ရွာများ၊ မျိုးနွယ်စုပြည်သူများက နိုင်ငံရေးပါတီနှင့် အစိုးရပြည်ထဲရေးဋ္ဌာနမပါပဲ တိုက်ရိုက်ရွေးကောက်တင်မြောက်တဲ့ တိုက်သူကြီးများဟာ မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များပဲ ဖြစ်ကြပါတယ်။

- မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြတဲ့ တိုက်သူကြကြီးများထဲမှ ပြည်နယ်အမျိုးသားလွှတ်ရွေးချယ်ကြပြီး ဗဟိုအမျိုးသားလွှတ်တော်မှာ အစည်းအဝေးတက်ကြမှာ ဖြစ်ပါတယ်။

အာဏာပါဝါမျှဝေခြင်း Power Sharing ဟာ လမ်းကြောင်းသုံးခု ဖြစ်သွားပါတယ်။

(က) မျိုးနွယ်စုများမှ ခန့်အပ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဟာ ဒေသခံပြည်သူများမှ တိုက်ရိုက်ရွေးချယ်တာကြောင့် နိုင်ငံရေးပါတီ၊ ပြည်ထဲရေးနဲ့ တိုက်ရိုက်မဆက်နွယ်သော်လည်း အုပ်ချုပ်မှုနယ်မြေက မျိုးနွယ်စုအတွင်းသာ ကန့်သတ်ခံထားပါတယ်။

(ခ) နိုင်ငံရေးပါတီ ရွေးကောက်ခံအမတ်က ပြည်သူ့လွှတ်တော်အမတ်များဖြစ်ပြီး ဖြန့်ကျန့်နိုင်တဲ့ မဲဆန္ဒနယ်အတိုင်း အုပ်ချုပ်မှုနယ်မြေ ပြန့်နိုင်ကျုံ့နိုင်ပါတယ်။

(ဂ) အစိုးရဋ္ဌာနများကတော့ အပေါ်ကပြည်သူ့ အုပ်ချုပ်မှုစနစ်အတိုင်း တာဝန်ထမ်းဆောင်ကြမည့် လခရ အစိုးရဝန်ထမ်းများဖြစ်ကြပြီး သူတို့ရဲ့ လုပ်ပိုင်ခွင့်ဟာလည်း အထူးကန့်သန့်ထားပါတယ်။ အဓိကအကြောင်းပြချက်ကတာ့ စစ်တပ်၊ ရဲ၊ ပြည်ထဲရေး စတဲ့ လက်နက်ကိုင်များနဲ့  အုပ်ချုပ်ရေးချုပ်ကိုင်နိုင်ပြီး အာဏာရှင်ဖြစ်သွားနိုင်တဲ့ အဖွဲ့များကို Tribal Democracy အုပ်ချုပ်မှုစနစ်က ကန့်သတ်ပေးလိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဤမျှ စနစ်ကျပြီး ချင်းမျိုးနွယ်စုများနဲ့ အလွန်လိုက်ဖက်သင့်လျှော်တဲ့ Tribal Democracy စနစ်ဟာ ဗမာပြည်အစိုးအဆက်ဆက်ရဲ့ မကောင်းပြုခြင်းခံခဲ့ရပါတယ်။ Tribalism ဆိုတာ အစွန်းရောက် လူမျိုးရေးဝါဒအဖြစ် အထင်မှားစေခဲ့ပါတယ်။ တကယ်တော့ Tribalism ဆိုတာ ဒီမိုကရေစီနဲ့ တွဲသုံးတဲ့အခါ ပြည်သူဆီကို အသန့်ရှင်းဆုံးသောနည်းလမ်းနဲ့ လုပ်ပိုင်ခွင့် တိုက်ရိုက်ပေးအပ်ခြင်းဖြစ်ပါတယ်။ ချင်းပြည်နယ်လို မျိုးနွယ်စုများပြားတဲ့ ဒေသအတွက် သက်ဆိုင်ရာမျိုးနွယ်စများရဲ့ အခြေခံအခွင့်ကို ပေးအပ်ခြင်းဖြစ်ပါတယ်။

တချို့ကတော့ ပြောကြပါတယ်။ စနစ်ဘယ်လောက်ကောင်းကောင်း လူမကောင်းရင် မရပါဘူးလို့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ တာပေမယ့် မြန်မာကို ကြည့်ကြမည်ဆို ဥပဒေမရှိပဲ အုပ်ချုပ်မင်းမှုကြလွန်းလို့ နှစ်ပေါင်း ၇၀ ကျော် ဒုက္ခပင်လယ်ထဲ နစ်မွန်းခဲ့ပါပြီ။ ဥပဒေမရှိခြင်းက ခိုင်မာတဲ့ ဒီမိုကရေစီ ဖြစ်မလာစေနိုင်ပါဘူး။ နိုင်ငံရေးစနစ်ကောင်းအတိုင်း ဥပဒေပြုကျင့်သုံးနိုင်မည်ဆို မိမိတို့နိုင်ငံ့ရှေ့ရေးဟာ လမ်းကြောင်းမှန်အတိုင်း ဖြောင့်မှန်စွာ ရှေ့ဆက်တိုးတက် ဖွံဖြိုးနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောလိုတာကတော့ We are one in Chin ဆိုတာတကယ်လိုချင်တယ်ဆိုရင် ချင်းဖြစ်ရလြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ မျိုးနွယ်စုများထံ လုပ်ပိုင်ခွင့်အာဏာပေးခြင်း ဖြစ်ပါတယ်။ အဲတာကို အစွန်းရောက်ဝါဒလို့ အထင်အမြင်မမှားကြဖို့ လိုပါတယ်။ Tribal Democracy ကို ခေတ်နဲ့အညီ update ဖို့နဲ့ Chin Tribes များနဲ့ အလွန်လိုက်ဖက်တဲ့ Chin Act လို ဥပဒေကိုလည်း update လုပ်ပြီး Tribal Democracy စနစ် နဲ့ Chin Act ဆိုတဲ့ ဥပဒေကို ကျင့်သုံးမည်ဆို We are one in Chin ဆိုတာ အမှန်တကယ်ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲသလို ဧကန်အမှန်ဖြစ်လာမှာဖြစ်တယ်လို့ပဲ နိဂုန်းချုပ်လိုက်ပါတယ်။

Salai Musip Van Chokhlei

 
 

 

 

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...